တူရကီလေဆိပ် တိုက်ခိုက်မှု မသင်္ကာသူ ၁၃ ဦးကို ဖမ်းဆီး

တူရကီလေဆိပ်တိုက်ခိုက်မှုအပြီး လုံခြုံရေးတင်းကျပ်စွာ ချထား။
တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်မြို့က နိုင်ငံတကာလေဆိပ်ကို အင်္ဂါနေ့က အသေခံ ဗုံးခွဲတိုက်ခိုက်မှု သုံးခုလုပ်ခဲ့တဲ့ဖြစ်ရပ်နဲ့ ဆက်စပ် ပြီး သံသယရှိသူ ၁၃ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားတယ်လို့ တူရကီသတင်းမီဒီယာတွေက ဒီကနေ့ဖော်ပြပါတယ်။ အဲဒီတိုက်ခိုက် မှုတွေကြောင့် လူ ၄၂ ယောက်သေဆုံးပြီး ၂၃၉ ယောက် ဒဏ်ရာရခဲ့တာပါ။

အစ္စတန်ဘူလ်မြို့က နေရာ ၁၆ နေရာကို ၀င်ရောက် စီးနင်း ရှာဖွေမှုတွေအတွင်း အခုလိုဖမ်းဆီးတာတွေ လုပ်ခဲ့တာပါ။ အစ္စတန် ဘူလ်မြို့မှာ အဖမ်းခံရသူ သုံးဦးထက်မနည်းဟာ နိုင်ငံခြားသားတွေလို့ ဆိုပါတယ်။

နိုင်ငံအနောက်ပိုင်းက Izmir ကမ်းရိုးတန်းမြို့မှာလည်း လူ ကိုးယောက်ကို ဖမ်းခဲ့တယ်လို့ နိုင်ငံပိုင် Anadolu သတင်းဌာနက ပြော ပါတယ်။ အဲဒီလူတွေကိုတော့ ဘဏ္ဍာငွေကြေးပိုင်း၊ လူသစ်စုတာနဲ့ သယ်ယူပို့ဆောင်ရေးပိုင်း ကူညီထောက်ပံ့တာတွေ အပါအ၀င် ဆီးရီးယားက IS အဖွဲ့နဲ့ အချိတ်အဆက် ရှိတယ်ဆိုတဲ့သံသယနဲ့ ဖမ်းတာပါ။

လေဆိပ်တိုက်ခိုက်မှုဟာ IS တွေလက်ချက်လို့ တူရကီ တာဝန်ရှိသူတွေက ပြော ထားပေမဲ့လည်း IS တွေကိုယ်တိုင်ကတော့ သူတို့ လုပ်တာလို့ မပြောသေးပါဘူး။ စုံစမ်းစစ်ဆေးတာကို ဆက်လုပ်နေပေမဲ့လည်း အထောက်အထားတွေက IS လက်ချက်ဆိုတာ ပြနေတယ်လို့ ၀န်ကြီးချုပ် Binali Yildrim က မနေ့ကပြောပါတယ်။ ရုရှား၊ အစ္စရေးလ်တို့နဲ့ ဆက်ဆံရေးတိုးတက်လာဖို့ တူရကီကကြိုးစားနေတဲ့အပေါ် တုန့်ပြန်တာ ဖြစ်နိုင်တယ်လို့ သူကဆိုပါတယ်။

ဒီဗုံးခွဲတိုက်ခိုက်မှုတွေဟာ IS အဖွဲ့ရဲ့ ဆိုးရွား ယုတ်မာတဲ့ တွေ့နေကျ သွင်ပြင်လက္ခဏာတွေအားလုံးပါဝင်ပြီး ဒီလိုတိုက်ခိုက်မှုမျိုးတွေကို တားဆီးဖို့ ခက်ခဲတယ်ဆိုတာ CIA အကြီးအကဲ John Brennan က သတိပေးပါတယ်။

 ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
တူရကီလေဆိပ် တိုက်ခိုက်မှု မသင်္ကာသူ ၁၃ ဦးကို ဖမ်းဆီး  တူရကီလေဆိပ် တိုက်ခိုက်မှု မသင်္ကာသူ ၁၃ ဦးကို ဖမ်းဆီး Reviewed by THITHTOOLWIN on 19:43 Rating: 5
Powered by Blogger.