တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့-၈ ဖွဲ့နဲ့ ဒေါ်အောင်ဆန်း စုကြည် တွေ့ဆုံ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ အပစ်ခတ်ရပ်စဲရေးစာချုပ် NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့နဲ့ ဇွန်လ ၂၈ ရက်နေ့က နေပြည်တော် The Horizon Lake View ဟိုတယ်မှာ တွေ့ဆုံဆွေးနွေးစဉ်။ Photo - Win Ko Ko Latt/RFA
နောင်မျိုးဆက်တွေအတွက် ချန်ထားပေးရမယ့် အကောင်းဆုံးအမွေဟာ ငြိမ်းချမ်းရေးဖြစ်တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ တွေ့ဆုံစဉ် မှာ ပြောကြားလိုက်ပါတယ်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ် NCA မှာ လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈  ဖွဲ့နဲ့       နေပြည်တော်က Horizontal Lake View ဟိုတယ်မှာ ဒီကနေ့ တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည် က ပြောလိုက်တာဖြစ်ပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်က  တိုင်းရင်းသားအားလုံးအတွက် လုံခြုံမှုနဲ့ လွတ်လပ်မှုကို အာမခံနိုင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ ထူထောင်ရာမှာ ပူးပေါင်းပါဝင်ကြဖို့ လိုအပ်ကြောင်း၊  အစိုးရက ဖက်ဒရယ်ပြည်ထောင် စုစနစ် ထူထောင်မယ့် ရည်ရွယ်ချက်သာရှိကြောင်း၊ အဲ့ဒီရည်ရွယ်ချက်ရဲ့ နောက်ကွယ်မှာ ဘာကိစ္စရပ်မှ မရှိကြောင်း လည်း ပြောပါတယ်။

နိုင်ငံတစ်နိုင်ငံ ထူထောင်ဖို့အတွက် တာဝန်သိစိတ်က အရေးကြီးကြောင်း၊ အဲ့ဒီ တာဝန်သိစိတ်ကို ရှေ့ထား ပြီး ဆွေးနွေးကြဖို့လည်း သူက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို တိုက်တွန်းခဲ့ပါတယ်။

အရင်အစိုးရနဲ့ အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့မှာပါတဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဥက္ကဌ စောမူတူးဆေးဖိုး၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေကောင်စီ RCSS/SSA က  စိုင်းဘောင်ခေး၊ ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ PNLO က ဗိုလ်မှူးကြီး ခွန်ဥက္ကာ၊ ချင်းအမျိုးသားတပ်ဦး CNF က ပူးဇင်ကျုံး၊ ရခိုင်လွတ်မြောက်ရေးပါတီ ALP က ဦးခိုင်စိုးနိုင်အောင်၊ KNU/KNLA ငြိမ်းချမ်းရေးကောင်စီက နော်ကပေါ်ထူးနဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ဒီမိုကရက်တစ်ကျောင်းသားများ တပ်ဦး ABSDF က ဦးသံခဲ တို့ တက်ရောက်ခဲ့ပါတယ်။

အစိုးရဘက်က နယ်စပ်ရေးရာဝန်ကြီး၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး ၀န်ကြီး နဲ့ ၂၁ ရာစု ပင်လုံ အကြိုပြင်ဆင်ရေးကော်မတီ ဥက္ကဌ ဒေါက်တာ တင်မျိုးဝင်း တို့ တက်ရောက်ခဲ့ပါတယ်။

NCA မှာ လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့ ၈ ဖွဲ့ နဲ့  ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံတာဟာ ပထမဆုံးအကြိမ်ဖြစ်ပြီး NCA မှာ လက်မှတ်မထိုးထားတဲ့ အဖွဲ့တွေကလည်း တွေ့ဆုံခွင့်တောင်းထားပါတယ်။

RFA Burmese
http://www.rfa.org/burmese
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့-၈ ဖွဲ့နဲ့ ဒေါ်အောင်ဆန်း စုကြည် တွေ့ဆုံ  တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့-၈ ဖွဲ့နဲ့ ဒေါ်အောင်ဆန်း စုကြည် တွေ့ဆုံ Reviewed by THITHTOOLWIN on 17:33 Rating: 5
Powered by Blogger.