ပြည်သူ့ဘဏ္ဍာငွေများ သုံးစွဲမှု ပွင့်လင်းမြင်သာမှုရှိကြရန် နိုင်ငံတော်သမ္မတမှာကြား


ခွဲဝေရရှိသည့် ပြည်သူ့ဘဏ္ဍာငွေများကို ဘယ်နေရာတွင် ဘယ်လောက်သုံးမည်၊
ဘယ်လိုသုံးနေသည် ပွင့်လင်းမြင်သာမှုရှိရှိ အသိပေးကြရန်လိုကြောင်း
နိုင်ငံတော်သမ္မတမှာကြား

နေပြည်တော် ဇွန် ၁၅

မိမိတို့ အစိုးရသစ်အနေဖြင့် အမျိုးသားရင်ကြားစေ့ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်ရေးကိုရှေးရှုသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ တစ်ခု ပေါ်ပေါက်ရေးနှင့် ပြည်သူလူထုအများစု၏ လူနေမှုဘဝအဆင့်အတန်း တိုးတက် မြင့်မားရေးတို့ကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည့်အတွက် ဘဏ္ဍာရေးနှစ်အလိုက် ယင်းမူဝါဒများနှင့်အညီ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် လိုက်လျော ညီထွေသည့် ဘဏ္ဍာငွေအရအသုံးများကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဘဏ္ဍရေးကော်မရှင် ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ယနေ့နံနက် ၁၀ နာရီတွင် နိုင်ငံတော်သမ္မတအိမ်တော် အစည်းအဝေး ခန်းမ၌ ကျင်းပသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဘဏ္ဍာရေးကော်မရှင် (၁/၂၀၁၆) အစည်းအဝေးတွင် ပြောကြားသည်။


ထို့ပြင် နိုင်ငံတော်သမ္မတက ယခုအစည်းအဝေးသည် မိမိတို့ အစိုးရသစ်လက်ထက်တွင် ပထမဦးဆုံး ကျင်းပသည့် ဘဏ္ဍာရေးကော်မရှင် အစည်းအဝေးဖြစ်ကြောင်း၊ ယခုအစည်းအဝေးတွင် ပြီးခဲ့သည့် အစိုးရလက်ထက်၌ အတည်ပြုခဲ့သည့်၂၀၁၆-၂၀၁၇ ခု ပြည်ထောင်စု၏ အရအသုံးခန့်မှန်းခြေငွေစာရင်းနှင့် ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းကို ပြင်ဆင်ပြီး ပြည်ထောင်စုလွှတ်တော်သို့ တင်ပြ အတည်ပြုရန်အဓိကဆွေးနွေးကြမည်ဖြစ်ကြောင်း။


၂၀၁၆ ခုနှစ်အတွက် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကို ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၃၃) ရက်မြောက်နေ့တွင် အတည်ပြုခဲ့ပြီးယခင် နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုးပြီး ထုတ်ပြန်ထားခြင်း ဖြစ်ကြောင်း၊ ယခင်ရေးဆွဲခဲ့သည့် ဘတ်ဂျက်မှာ ပြီးခဲ့သည့်အစိုးရ လက်ထက်ဖွဲ့စည်းခဲ့သည့် ပြည်ထောင်စုအစိုးရအဖွဲ့၏ အနေအထားအရ ရေးဆွဲခဲ့ခြင်း ဖြစ်ကြောင်း။

မိမိတို့ အစိုးရသစ်လက်ထက်တွင် ပြည်ထောင်စုအစိုးရဖွဲ့စည်းမှု အနေအထား ပြောင်းလဲ သွားခဲ့ပါကြောင်း၊ ပြည်ထောင်စုဝန်ကြီးဌာန (၂၂) ခုဖြင့် ပြည်ထောင်စုအစိုးရ အဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းခဲ့ပါကြောင်း၊ ပြောင်းလဲသွားသည့် အခြေအနေနှင့် ကိုက်ညီအောင် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်အတွက် ဘဏ္ဍာငွေအရအသုံး ခန့်မှန်းခြေငွေ စာရင်းများကို ပြန်လည်ရေးဆွဲရန် လိုအပ်ကြောင်း။

ဘဏ္ဍာရေးကော်မရှင်အနေဖြင့် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရ၊ အသုံးဆိုင်ရာ ဥပဒေကြမ်းရေးဆွဲပြီး ပြည်ထောင်စုလွှတ်တော်သို့ တင်ပြအတည်ပြုချက် ရယူဆောင် ရွက်ရမည်ဖြစ်ကြောင်း၊ ပြည်ထောင်စုနှင့် တိုင်းဒေသကြီး၊ ပြည်နယ်များအကြား ဘဏ္ဍာ ငွေခွဲဝေဆောင်ရွက်သည့် ကိစ္စများတွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီ စံနှုန်းသတ် မှတ်ချက်များဖြင့် စနစ်တကျ တိုင်းတာတွက်ချက်ပြီး အချိုးကျမျှတအောင် ခွဲဝေပေး သွားမည်ဖြစ်ကြောင်း။

တိုင်းဒေသကြီး၊ ပြည်နယ်များ၏ ဘဏ္ဍာရန်ပုံငွေ၊ ပြည်ထောင်စုမှ ဖြည့်ဆည်း ထောက်ပံ့ပေးသည့် ရငွေတို့ဖြင့် တိုင်းဒေသကြီး ၊ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ပေးပြီး နိုင်ငံတော်၏ ဖွံဖြိုးတိုးတက်မှုအတွက် ပူးပေါင်းပါဝင် ဆောင်ရွက် သွားကြရမည်ဖြစ်ပါကြောင်း။

နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေး၊ ကျန်းမာရေး၊ လူမှုကာကွယ်စောင့်ရှောက်ရေး ကဏ္ဍများမှာလည်း တိုးမြှင့်သုံးစွဲသွားမည် ဖြစ်သည့်အပြင် ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ လျှပ်စစ်မီးရရှိရေး၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊ အခြေခံအဆောက်အဦများ ဖွံ့ဖြိုးတိုးတက်ရေးစသည့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး အတွက် မူဝါဒလမ်းစဉ်များ ချမှတ်ပြီး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း။
ထို့ပြင် တယ်လီဖုန်းခေါ်ဆိုခများမှ ကောက်ခံရရှိသည့် ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်း ဖြစ်သည့် ကျပ် ၇၅၀၀ သန်းကို နိုင်ငံတော်အနေဖြင့် ပြည်သူလူထုအတွက် တိုက်ရိုက် အကျိုးရှိစေမည့် ကဏ္ဍများတွင် အသုံးပြုသွားမည်ဖြစ်ကြောင်း။ ကနဦးအနေဖြင့် ပညာရေးအတွက် စတင်သုံးစွဲနေပါကြောင်း၊ နိုင်ငံ့ဘဏ္ဍာငွေသည် ပြည်သူ့ဘဏ္ဍာငွေ ဖြစ်ကြောင်း။ အစိုးရများက ကိုင်တွယ်ပြီး စီမံခန့်ခွဲရခြင်းဖြစ်ကြောင်း၊ ဘတ်ဂျက်လျာထားမှု ကို ကြည့်လိုက်ပါက သက်ဆိုင်ရာနိုင်ငံ၊ သက်ဆိုင်ရာ အစိုးရ၏ ဦးစားပေး အစီအစဉ် များကို သိရှိနိုင်ကြောင်း။

ဘတ်ဂျက်ကို သုံးစွဲကြရာတွင် စနစ်တကျ အလေအလွင့် အနည်းဆုံးဖြစ်အောင် အဆင့်ဆင့်ကြပ်မတ်ရန် လိုအပ်ကြောင်း၊ ပြည်သူလူထုက ရွေးချယ်ပေးလိုက်သည့် အစိုးရဖြစ်သည့်အတွက် ပြည်သူလူထု၏ ဘဏ္ဍာငွေများကို သုံးစွဲကြရာတွင် အမှန် တကယ် အကျိုးဖြစ်ထွန်းစေရန်၊ နိုင်ငံ့စီးပွားရေး ဟန်ချက်ညီစေရန်၊ နိုင်ငံ့စီးပွား ကြွယ်ဝမှုကနေ တစ်ဆင့် နိုင်ငံသူနိုင်ငံသားများကို အကျိုးဖြစ်ထွန်းမှု စီးဆင်းစေရန် အလေးထား ဆောင်ရွက်ကြရမည် ဖြစ်ကြောင်းပြောကြားသည်။

ဘဏ္ဍာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးမြင့်ဆွေက လျော့နည်းသွားမည့် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများ၏ လစာ၊ စရိတ်၊ ချီးမြှင့်ငွေ၊ အဆောင်အယောင် စရိတ်များကို လျော့နည်းသွားသည့်အတိုင်း လျှော့ချ ရေးဆွဲပြီးဖြစ်ကြောင်း၊ ပြည်ထောင်စု ဝန်ကြီးရုံးများ၏ သာမန်အသုံးစရိတ်၏ ၂ ရာခိုင်နှုန်းကို လျှော့ချခဲ့ပါကြောင်း၊ အသစ် ဖွဲ့စည်းခဲ့သည့် တိုင်းရင်းသားလူမျိုးများရေး ရာဝန်ကြီးဌာနနှင့် နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာနတို့၏ ဖွဲ့စည်းပုံအရ အသုံးစရိတ်များကို ထည့်သွင်းရေးဆွဲခဲ့ကြောင်း၊ ငွေလုံးငွေရင်း အသုံးစရိတ်တွင် ယခင် လွှတ်တော် အတည်ပြုထားပြီးဖြစ်သည့် ၂၀၁၆ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်း ဥပဒေနှင့် ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေတို့တွင် ပါဝင်သည့်အတိုင်း ပြောင်းလဲခြင်း မပြုဘဲ ရေးဆွဲခဲ့ပါကြောင်း၊ ကြွေးမြီစာရင်းများကိုလည်း ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေတွင် ပါဝင်သည့်အတိုင်း ပြောင်းလဲခြင်းမပြုဘဲ ရေးဆွဲထား ပါကြောင်း၊ ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေမှ ဖြည့်ဆည်းပေးသော တိုင်းဒေသကြီး/ပြည်နယ်များ၏ လိုငွေကိုလည်း မူလ အတိုင်းပဲ ဖြည့်ဆည်းထားပါကြေင်း၊ ပြည်တွင်းအခွန်များဦးစီးဌာန၏ အခွန်ရငွေစာရင်းရှိ တယ်လီဖုန်းပြောဆိုခပေါ်တွင် ကောက်ခံသည့် ကုန်သွယ်လုပ်ငန်းခွန် ရငွေမှ ကျပ် ၇.၅ ဘီလီယံကို ပညာရေး ဝန်ကြီးဌာန၏ အသုံးစရိတ်တွင် တိုးမြှင့်ပြီး လျာထားပေးထားပါကြောင်း၊ တယ်လီဖုန်းပြောခပေါ် ကောက်ခံသည့် အခွန်များကို ကနဦးအနေနှင့် ပညာရေး အသုံးစရိတ်တွင် သုံးစွဲသွားရန် ဖြစ်ပါကြောင်း။

ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့အတွက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် ခြံစည်းရိုးကာရံခြင်းနှင့် မြန်မာ-အိန္ဒိယ နယ်စပ်ခြံစည်းရိုး ကာရံခြင်းအတွက် ခွဲဝေ ပေးထားသည့် ငွေလုံးငွေရင်းအသုံးစရိတ် ကျပ် ၅.၅၄ ဘီလီယံကိုလည်း တစ်စုံတစ်ရာ ပြင်ဆင်ခြင်းမပြုဘဲ ရေးဆွဲထားပါကြောင်း တင်ပြသည်။

ဘဏ္ဍာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက နိုင်ငံတော်၏ လိုငွေနှင့် GDPအချိုး ၅ ရာခိုင်နှုန်း မကျော်စေရန်နှင့် ပြည်ထောင်စုမှ တိုင်းဒေသကြီး၊ ပြည်နယ်များသို့ သွင်းကုန်တင်သွင်းမှုအပေါ် ကောက်ခံရရှိသည့် ငွေမှအပ ကုန်သွယ် လုပ်ငန်းခွန်များ၏ ၁၅ ရာခိုင်နှုန်းကို ခွဲဝေပေးရန်တို့ကို ထည့်သွင်း စဉ်းစားပြီး လိုငွေဖြည့်ဆည်းခြင်းကို လျာထားခဲ့ပါကြောင်း၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် အတွက် ပြည်ထောင်စုမှ တိုင်းဒေသကြီး/ ပြည်နယ်များသို့ ထောက်ပံ့ပေးရမည့် ငွေပမာဏ ကျပ် ၁၆၈၈.၂၁၉ ဘီလီယံဖြစ်ကြောင်း တင်ပြသည်။

ဘဏ္ဍာရေးကော်မရှင်အတွင်းရေးမှူး ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ယခင်အစိုးရ လက်ထက် ပြည်ထောင်စုနှင့် တိုင်းဒေသကြီး၊ ပြည်နယ်များ၏ ဘဏ္ဍာငွေ အရအသုံး ခန့်မှန်းခြေငွေစာရင်းများ ခွဲခြားရေးဆွဲခြင်း၊ ပြည်ထောင်စုနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များအကြား ဘဏ္ဍာရေးဆိုင်ရာ ဆက်နွယ်မှုများ၊ ပြင်ဆင်ရေးဆွဲ ထားသော ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ အရအသုံးခန့်မှန်းခြေငွေစာရင်း နှင့် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြဋ္ဌာန်းခဲ့သော ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေအား ပြင်ဆင်သည့်ဥပဒေ (မူကြမ်း) တို့ကို ရှင်းလင်းတင်ပြသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီး ၀န်ကြီးချုပ်များက ဒေသအလိုက် ဖြည့်ဆည်း ဆောင်ရွက် ပေးရမည့် လုပ်ငန်းလိုအပ်ချက်များကို ရှင်းလင်းတင်ပြကြသည်။

နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ဘဏ္ဍာငွေ အရအသုံး ဆိုင်ရာ ဥပဒေကိုပြင်ဆင်သည့် ဥပဒေအားပြည်ထောင်စု လွှတ်တော်က အတည်ပြု ပြဋ္ဌာန်းပြီးပြီပါက ရသုံးခန့်မှန်းခြေ ငွေစာရင်းဆိုင်ရာ အချက်အလက်များ စာစောင် (Citizen's Budget) ကိုလည်း ထုတ်ဝေသွားမည်ဖြစ်ကြောင်းနှင့် ပြည်သူများအလွယ် တကူ နားလည်အောင်၊ ပြည်သူများလက်လှမ်းမီ သိရှိနိုင်အောင် ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း မှာကြားသည်။

Myanmar President Office
https://www.facebook.com/myanmarpresidentoffice.gov.mm/
ပြည်သူ့ဘဏ္ဍာငွေများ သုံးစွဲမှု ပွင့်လင်းမြင်သာမှုရှိကြရန် နိုင်ငံတော်သမ္မတမှာကြား   ပြည်သူ့ဘဏ္ဍာငွေများ သုံးစွဲမှု ပွင့်လင်းမြင်သာမှုရှိကြရန် နိုင်ငံတော်သမ္မတမှာကြား Reviewed by THITHTOOLWIN on 17:15 Rating: 5
Powered by Blogger.