ကလေးနှင့် တမူးမြို့တွင် အလှူခံနေသည့် ရသေ့ဟန်ဆောင်သူနှစ်ဦးအား ဖမ်းဆီးကာ ထောင်ဒဏ်နှစ်နှစ် ချမှတ်


စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နှင့် တမူးမြို့တို့တွင် ရသေ့ဟန်ဆောင်၍ လှည့်လည် အလှူခံနေသူ နှစ်ဦးကို ဇွန်၂၇ ရက်တွင် တမူးမြို့၌ ဖမ်းဆီးခဲ့ပြီး တမူးမြို့နယ်တရားရုံးမှ ထောင်ဒဏ်နှစ်နှစ်စီ ပြစ်ဒဏ် ချမှတ်ခဲ့ကြောင်း သိရှိရသည်။
“ရသေ့အယောင်ဆောင်ပြီး အလှူခံသူနှစ်ဦးကို ပုဒ်မ၂၉၅-က၊ သာသနာညိုးနွမ်းမှုနဲ့ တမူးမြို့နယ် တရားရုံးမှာ တရားစွဲခဲ့တယ်။ ဇွန်၂၇ရက်မှာ စွဲချက်တစ်ခါတည်းတင် အဲဒီနေ့မှာပဲ အမိန့်ချခဲ့ပါတယ်။ တရားရုံးက တစ်ယောက်ကို ထောင်ဒဏ်နှစ်နှစ်စီ အမိန့်ချခဲ့တယ်။”ဟု တမူးမြို့နယ်တရားရုံးမှ ရှေ့နေ ဦးသန့်ဇင်အောင်က ပြောသည်။ အဆိုပါ ရသေ့ယောင်ဆောင်သူနှစ်ဦးသည် တမူးမြို့နန့်ဖာလုံဈေးနှင့်အနီးတဝိုက်တွင် လှည့်လည်အလှူခံနေစဉ် တမူးမြို့၊ မ.ဘ.သ ဆရာတော် ဦးဝိမလနှင့်အဖွဲ့မှ ထိန်းသိမ်းရန်အသွားတွင် တိမ်းရှောင်သွားသဖြင့် နီးစပ်ရာ စစ်ဆေးရေးဂိတ်တာဝန်ကျ တပ်မတော်သားများ၏ အကူအညီဖြင့် ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

 ဖမ်းဆီးခံရသည့် ရသေ့အယောင်ဆောင်အလှူခံသည့် တရားခံနှစ်ဦးကို တမူးမြို့သာသနာရေးဦးစီးမှူး ဦးဇော်မင်းလတ်က တရားလိုပြု၍ တမူးမြို့နယ်တရားရုံးသို့ ဦးတိုက်လျှောက်တိုင်တန်းအရေးယူခဲ့ကြောင်း
သိရသည်။

ရသေ့ဟန်ဆောင်၍ အလှူခံနေသူနှစ်ဦးမှာ အသက် ၅၃ နှစ် ဦးအောင်မြင့်နှင့် အသက်၂၀ နှစ် ကိုစည်သူ ဖြစ်ပြီး မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့၊အမှတ် ၂ ရပ်ကွက်တွင် နေထိုင်၍ ကလေးမြို့တွင် ဇွန်လမှစ၍ အလှူခံခဲ့ကြကြောင်း သိရသည်။

အဆိုပါ ရသေ့ယောင်ဆောင်သူနှစ်ဦးအမှုကို တရားရုံးတွင် ဦးတိုက်လျှောက်ထားခဲ့သည့်အတွက် တမူးမြို့မ ရဲစခန်းတွင် အမှုဖွင့်ထားခြင်းမရှိကြောင်း အဆိုပါ ရဲစခန်းမှ သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper
ကလေးနှင့် တမူးမြို့တွင် အလှူခံနေသည့် ရသေ့ဟန်ဆောင်သူနှစ်ဦးအား ဖမ်းဆီးကာ ထောင်ဒဏ်နှစ်နှစ် ချမှတ်  ကလေးနှင့် တမူးမြို့တွင် အလှူခံနေသည့် ရသေ့ဟန်ဆောင်သူနှစ်ဦးအား ဖမ်းဆီးကာ ထောင်ဒဏ်နှစ်နှစ် ချမှတ် Reviewed by THITHTOOLWIN on 18:12 Rating: 5
Powered by Blogger.