TNLA နှင့် RCSS တိုက်ပွဲဖြစ်ပွားခဲ့ရာ နေရာအနီးရှိ နမ့်ခမ်းမြို့နယ် ဟိုပန်ရွာ မီးရှို့ခံရ


မီးရှို့မှုကြောင့် ထွက်ပြေးလာသူများနှင့် ဟိုပန်ရွာမီးလောင်နေသည်ကို မိုင်းဝီးရွာမှ ၀ိုင်းကြည့်နေကြသည့် မြင်ကွင်း ( ဓါတ်ပုံ - Zaii Main )
တအာင်းပလောင် TNLA နှင့် ၄င်း၏ မဟာမိတ်အဖွဲ့များက တဘက် ၊ ရှမ်းလက်နက်ကိုင် RCSS/SSA က တဘက် လွန်ခဲ့သည့်နှစ်ရက်ခန့်မှစ၍ တိုက်ပွဲများဖြစ်ပွားခဲ့သည့် နမ့်ခမ်း မိုင်းဝီးဒေသရှိ ဟိုပန်ကျေးရွာတွင် ယနေ့ မေလ ၆ ရက်နေ့မနက်ပိုင်းမှစ၍ မီးရှို့မှုကြောင့် မီးလောင်မှုဖြစ်ပွားခဲ့ကာ ရွာလုံးကျွတ်ထွက်ပြေးပုန်းရှောင်နေရကြောင်း နမ့်ခမ်းဒေသခံများမှ The Ladies News သို့ ပြောသည်။

မနက်ပိုင်းကတည်းက ဖြစ်နေတာ ။ ရွာလုံးကျွတ်ထွက်ပြေးနေရတယ်။ မီးလောင်တာကိုလည်း မိုင်းဝီးဘက်ကနေ မီးတောက်တွေနဲ့ မီးခိုးတွေမြင်နေရတယ်။ နေ့လည် ၁ နာရီနောက်ပိုင်းတော့ အဲဒီဘက်နဲ့ အဆက်သွယ်မရသေးဘူး။ ရွာသားတွေကတော့ ပလောင် TNLA တွေလုပ်တာလိုလိုပြောနေသံ စွပ်စွဲနေသံကြားတယ် ။ အသေးစိပ်ဘာဆက်ဖြစ်နေတယ် ဆိုတာတော့ အခုထိ မသိရသေးဘူး ဟု နမ့်ခမ်းမြို့ဖွံ့ဖြိုးရေး အထောက်အကူပြုကော်မတီမှ ဦးစိုင်းအောင်ဝင်းက မေလ ၆ ရက်နေ့ ညနေ ၅ နာရီခွဲအချိန်တွင် The Ladies News သို့ ပြောသည်။

အဆိုပါ ဟိုပန်ရွာမှာ နမ့်ခမ်းမြို့နှင့် မိုင် ၃၀ ကျော်ကျော်အကွာဝေးတွင် တည်ရှိသည့် ကျေးရွာဖြစ်ပြီး ဒေသခံအများစုမှာ ရွာနှင့် သုံးမိုင်ခန့်အကွာရှိမိုင်းဝီးကျေးရွာသို့ ထွက်ပြေးလာခဲ့ကြကြောင်း သိရသည်။

အိမ်ခြေ ၅၀ ခန့်ရှိသည့် ဟိုပန်မှာ ရှမ်းတိုင်းရင်းသားများ နေထိုင်ရာ ကျေးရွာဖြစ်ပြီး ဟိုပန်အနီးရှိ RCSS/SSA ရှမ်းလက်နက်ကိုင်အဖွဲ့၏ စခန်းနားတွင် လွန်ခဲ့သည့် နှစ်ရက်ခန့်မှစတင်ကာ TNLA/PSLF နှင့် ၄င်း၏ မဟာမိတ်တပ်ဖွဲ့များက တဘက် RCSS/SSA က တဘက်တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်ဟု နမ့်ခမ်းဒေသခံများကဆိုသည်။

‘ ရွာသားတွေပြောတာက သူုတို့တွေရွာလုံးကျွတ်ပြေးလာပြီး နေ့လည် ၁ နာရီခွဲလောက်မှာ အဲဒီဟိုပန်ဘက်မှာ ပစ်ခတ်သံတွေကြားတယ်ပြောတယ်။ ‘ ဟု ဦးစိုင်းအောင်ဝင်းက ပြောသည်။

ရွာသားများထွက်ပြေးပုန်းရှောင်လာသည့် မိုင်းဝီးတွင် အစိုးရတပ်နှင့် ရဲစခန်းများလည်းရှိရာ သုံးမိုင်ခန့်အကွာ မိုင်းဝီးတွင် မီးရှို့မီးလောင်နေသည်ကို အစိုးရတပ်နှင့် ရဲတပ်ဖွဲ့မှ အဘယ်ကြောင့်သိမသိဆိုသည်မှာ မေးခွန်းထုတ်စရာဖြစ်သည်ဟု နမ့်ခမ်းဒေသခံ အိုက်ပန်ကလည်း ပြောသည်။
‘ သဘောက ပြီးခဲတဲ့နှစ်ရက်က ဟိုပန်အနီးတောင်နားကစခန်းကို တအာင်းပလောင်နဲ့ သူ့မဟာမိတ်တွေက သိမ်းထားတော့ ပလောင်ကပဲ အခုက ရွာထဲဝင်ရှင်းတာလား။ ဒါမှမဟုတ် တစ်ခုခုလားဆိုတဲ့ သဘောဖြစ်နေတယ်။ မိုင်းဝီးက အစိုးရ စစ်တပ်ကလည်း ဘာမှ မလုပ်ဘူးလားပေါ့လေ ‘ ဟု အိုက်ပန်က ပြောသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ တအာင်းပလောင် TNLA /PSLF ပြောခွင့်ရ တာအိုက်ကျော်ထံဖုန်းဆက်မေးမြန်းကြည့်ရာ ဖုန်းမှာ စက်ပိတ်ထားသည်ဟုသာ ပြန်လည် ဖြေဆိုခဲ့သည်။

နမ့်ခမ်းမြို့မရဲစခန်းသို့ ဆက်သွယ်မေးမြန်းခဲ့သော်လည်း အဆိုပါအကြောင်းနှင့်ပတ်သက်၍ ဘာမျှမသိရသေးဟု တာဝန်ကျ ရဲအရာရှိတစ်ဦးက ပြန်လည်ဖြေဆိုခဲ့ပါသည်။

RCSS/SSA မှ အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီးစိုင်းလက ဟိုပန်ကျေးရွာမီးရှို့ခံရသည်မှာ သေချာကြောင်း ဟိုပန်အနီးရှိ RCSS/SSA စခန်းမှာလည်း ယနေ့မေလ ၆ ရက်နေ့ မနက်အစောပိုင်းကတည်းက ဖယ်ပေးလိုက်ရကြောင်း The Ladies News သို့ ပြောသည်။

အပစ်ခတ်ရပ်စဲထားသည့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်သည့် ရှမ်းလက်နက်ကိုင် RCSS/SSA နှင့်အစိုးရနှင့် အပစ်မရပ်ထားသည့် တအာင်းပလောင်အဖွဲ့တို့မှာ ၂၀၁၅ ခုနစ် ဒီဇင်ဘာလခန့်မှစတင်ကာ တိုက်ပွဲများဖြစ်ပွားလာခဲ့ခြင်းဖြစ်သည်။

The Ladies News
https://www.facebook.com/News.TheLadies

TNLA နှင့် RCSS တိုက်ပွဲဖြစ်ပွားခဲ့ရာ နေရာအနီးရှိ နမ့်ခမ်းမြို့နယ် ဟိုပန်ရွာ မီးရှို့ခံရ TNLA နှင့် RCSS တိုက်ပွဲဖြစ်ပွားခဲ့ရာ နေရာအနီးရှိ နမ့်ခမ်းမြို့နယ် ဟိုပန်ရွာ မီးရှို့ခံရ Reviewed by THITHTOOLWIN on 18:58 Rating: 5
Powered by Blogger.