SSPP နှင့် အစိုးရ တပ် စခန်းပူးတွဲ စစ်ဆေးဖို့ သဘောတူထားစဉ် နှစ်ဘက်စစ်အင်အားအပြိုင်ဖြည့်


မေလ ၆ ရက် ၂၀၁၆

သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ်အတွင်း အစိုးရတပ်မတော်မှ နယ်မြေစိုးမိုးရေးအတွက် ကွင်းဆင်းစစ်ဆေးရန် SSPP/SSA သျှမ်းပြည် တပ်မတော် နှင့် သဘောတူညီမှု ရရှိထားချိန်မှ စ၍ ယနေ့ အထိ နှစ်ဘက်တပ်များ အပြိုင်အင်အားဖြည့်တင်းမှု ရှိနေသည်ဟု သိရသည်။

ယခုလ ၁၂ ရက်နေ့တွင် တန့်ယန်းမြို့တောင်ဘက် တန့်ယန်း - မိုင်းရှူးကားလမ်း အရှေ့ဘက်ခြမ်း၊ သံလွင်မြစ်အနောက်ဘက်ခြမ်း လွယ်စေး၊ လွယ်လန်း တောင်ကြောတပ်စခန်းများ စစ်ဆေးရန် ဧပြီ ၃၀ ရက်နေ့က သဘောတူညီမှု ရရှိထားကြောင်း၊ သို့သော်လည်း ဒေသအတွင်းရှိ တပ်များ စစ်ရေး အသင့်ပြင်ဆင်မှု ရှိနေသည့်အပြင် အင်အားဖြည့်တင်းမှုများလဲ ရှိနေကြောင်း သျှမ်းပြည်တပ်မတော် ဌာနချုပ်အရာရှိ တဦးက ဤကဲ့သို့ပြောသည်။

“လာမယ့် ၁၂ ရက်နေ့မှာ ကွင်းဆင်းစစ်ဆေးဖို့ သဘောတူထားတယ်။ အခု ဌာနချုပ်မှာ ဆွေးနွေး နေတယ်။ ကျနော်တို့ဘက်က ဘယ်သူ ဦးဆောင်မလဲပေါ့။ အစိုးရတပ်မတော် ဘက်ကတော့ တန့်ယန်းမြို့အခြေစိုက် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဝေလင်းအောင် လို့သိရတယ်။ စစ်ဆေးမယ်ဆိုတာလဲ ဘယ်ပုံစံစစ်ဆေးမှာလဲ၊ လက်ခံနိုင်တဲ့အတိုင်းအတာဆိုရင် အိုကေတယ်လေ” - ဟု ပြောသည်။

ထို့အတူ သျှမ်းပြည်တပ်မတော် ရှေ့တန်းတပ်မှူးကလည်း - “လာရောက်စစ်ဆေးမယ့် ကိစ္စက ပန်ကာ ကျင်း တွေ၊ ခံတုတ်ကျင်းတွေ အကုန်ဖို့၊ တပ်စခန်းတွေအကုန်ဖျက် လာရောက်စစ်ဆေးချိန်မှာ မမြင်ချင်ဘူး လို့ပြောတယ်။ ဘာလုပ်ရမလဲ - စစ်သားဘဲ။ ဒီကိစ္စက လက်ခံနိုင်စရာမဟုတ်ဘူး၊ စော်ကားတာဘဲ ”- ဟု သျှမ်းသံတော်ဆင့် သို့ ပြောသည်။

လားရှိုးမြို့စစ်တိုင်းရုံးနှင့် နီးစပ်သည့် ပုဂ္ဂိုလ်တဦးက အစိုးရတပ်မတော်သည် သျှမ်းပြည်တပ်မတော်၏ တပ်စခန်း အနီးနှင့် တပ်စခန်းများကြားတို့တွင် တပ်စခန်းချထားလိုကြောင်း၊ တိုက်ပွဲများမဆင်နွဲရဘဲ သျှမ်းပြည်တပ်မတော် တပ်စခန်းထက် ပိုမြင့်သည့်နေရာ၌ တပ်မတော်ဘက်မှ တပ်စခန်း ချခွင့်ရလိုကြောင်း - ပြောသည်။

လားရှိုးအခြေစိုက် အစိုးရတပ်မတော် ရမခ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးက သျှမ်းပြည် တပ်မတော် SSPP/SSA တပ်စခန်းများ ရှိရာ တန့်ယန်းမြို့နယ် လွယ်စေး၊ လွယ်လန်းဒေသ မှ ဧပြီလ ၂၂ နောက်ဆုံးထားကာ ဖယ်ရှားပေးရန် ညွှန်ကြားသည်။ သျှမ်းပြည်တပ်မတော်ဘက်မှ သဘော မတူသည့်အတွက် ဧပြီလ ၂၇ နေ့၌ နှစ်ဘက်ပူးတွဲ တပ်စခန်း စစ်ဆေးခွင့်ပေးရန် ထပ်မံတောင်း ဆိုသော်လည်း သျှမ်းပြည်တပ်မတော်ဘက် က သဘောမတူခဲ့ပေ။

၂၀၁၄ ခု တာဖါဆောင်တံတား၊ ၂၀၁၅ တာ့ဆံပူးကူးတို့ဆိပ် အားတိုက်ခိုက်သိမ်းပိုက်ရန် ပြင်ဆင် စဉ် ကလည်း အစိုးရတပ်မတော် မှ ထိုနည်းဗျူဟာများ ပုံစံတူ ကျင့်သုံးခဲ့သည်။ သျှမ်းပြည်တပ်မတော် သည် တနိုင်လုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးရန် ငြင်းဆန်ထားသော်လည်း ထိုစာချုပ်အား အစိုးရတပ်မတော်နှင့်အတူ ပါဝင်ရေးစွဲထားသည့် အပြင် ဦးသိန်းစိန် အစိုးရနှင့် ပြည်နယ်အဆင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးလက်မှတ်ရေးထိုးထားသည့် သျှမ်းလက်နက်ကိုင် တပ်တခုဖြစ်သည်။

သျှမ်းသံတော်ဆင့်
Panglong(Burmese)
https://www.facebook.com/Panglong.burmese/
SSPP နှင့် အစိုးရ တပ် စခန်းပူးတွဲ စစ်ဆေးဖို့ သဘောတူထားစဉ် နှစ်ဘက်စစ်အင်အားအပြိုင်ဖြည့်  SSPP နှင့် အစိုးရ တပ် စခန်းပူးတွဲ စစ်ဆေးဖို့ သဘောတူထားစဉ် နှစ်ဘက်စစ်အင်အားအပြိုင်ဖြည့် Reviewed by THITHTOOLWIN on 19:05 Rating: 5
Powered by Blogger.