တာလောကြီး-ဟူးကတ် ဘက် အစိုးရတပ် နှင့် KIA ထိတွေ့ ပစ်ခတ်မှု ဖြစ်ပွား နေ


ယခု တဖန် အစိုးရတပ်နှင့် ကချင် လွတ်လပ်ရေး တပ်မတော် KIA တပ်ဖွဲ့များ ကြား နေ့စဉ် လိုလို တိုက်ပွဲများ ဖြစ်ပေါ်လာချိန် ဧရာဝတီမြစ် တလျှောက် တာလောကြီး၊ ဟူးကတ် ဘက်တွင်လည်း အချိန်တို ထိတွေ့ တိုက်ပွဲများ ဖြစ်ပွား နေပါသည်။

ကချင်ပြည်နယ် အလယ်ပိုင်း ဧရာဝတီမြစ်အရှေ့ဘက်ခြမ်း တာလောကြီး နှင့် ဟူးကတ် ကျေးရွာ အနီး တ၀ိုက်တွင် မေ (၄) ရက်နှင့် (၅) ရက်နေ့က နှစ်ဖက် ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း ရှေ့တန်းသတင်းများမှ သိရပါသည်။

ဧရာဝတီမြစ် အနောက်ဘက်ခြမ်း မြစ်ကြီးနားမြို့ တောင်ဘက် ၂၁ မိုင် ကျော် အကွာတွင်တည်ရှိသည့် တာလောကြီး-ဟူးကတ် လမ်းသည် ဧရာဝတီမြစ် အရှေ့ဘက် တရုတ်နယ်စပ် အနီး KIO/KIA ဗဟိုဌာနချုပ် နယ်မြေများသို့ အစိုးရ စစ်အင်အား အလုံးအရင်း ဝင်ရောက်လျက်ရှိသော လမ်းကြောင်း တံခါးပေါက်ကြီး တစ်ခုလည်း ဖြစ်သည်။

လွန်ခဲ့သည့် မတ်လ ကုန်ပိုင်း ယင်း တံခါးပေါက်မှ အစိုးရတပ် အင်အား ၂၀၀၀ ကျော်သည် လိုင်ဇာ KIO/KIA ဗဟိုဌာနချုပ်ဘက်သို့ ဝင်ရောက်လာခဲ့ကြောင်း KIA အရာရှိများ ဆိုသည်။

ယခုနှစ် မြန်မာ့ နှစ်သစ်ကူးသင်္ကြန် မတိုင်ခင် နှင့် အပြီးတွင် ယင်း တာလောကြီးကျေးရွာနှင့် ဆက်စပ်နေသည့် KIA တပ်မဟာ (၅) လက်အောက် တပ်ရင်း (၁၈) နယ်မြေ၊ ဘန်ဒေါင်ယန် (Ban Dawng Yang) နှင့် နမ့်ဆန်ယန် (Nam San Yang) ကျေးရွာအနီး ရှေ့တန်းစခန်းငယ် (၄)ခု ကို အစိုးရတပ်များမှ တိုက်ခိုက် သိမ်းပိုက်ခဲ့သည်။

မတ်လ အကုန် လူထု ရွေးကောက်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD အစိုးရသစ် တက်လာသည်နှင့် တပ်မတော်သည် နမ့်ဆန်ယန် (Nam San Yang) အနောက်ဘက် မြစ်ကြီးနား-ဗန်းမော် ကားလမ်းမကြီးနှင့် ဧရာဝတီမြစ် ကြား မြေနိမ့်ပိုင်း ဒေသရှိ KIA တပ်စခန်း အားလုံးကို ရှင်းလင်းရေး စစ်ဆင်ရေးကြီးကို စတင် ပြုလုပ်လာကြောင်း KIO/KIA ခေါင်းဆောင်များ ဆိုပါသည်။

Kachin News Group - Burmese
http://burmese.kachinnews.com
တာလောကြီး-ဟူးကတ် ဘက် အစိုးရတပ် နှင့် KIA ထိတွေ့ ပစ်ခတ်မှု ဖြစ်ပွား နေ တာလောကြီး-ဟူးကတ် ဘက် အစိုးရတပ် နှင့် KIA ထိတွေ့ ပစ်ခတ်မှု ဖြစ်ပွား နေ Reviewed by THITHTOOLWIN on 12:22 Rating: 5
Powered by Blogger.