ကမ္ဘောဒီးယားလူမျိုး ဗုဒ္ဓကနေ ISနဲ့ ပူးပေါင်းသူ Prakash သေဆုံး

Neil Prakash (Credit: ABC) 
IS ​အစ္စလမ်မစ် ​စစ်သွေးကြွအဖွဲ့နဲ့ ​ပူးပေါင်းပါဝင်ခဲ့တဲ့ ​Neil ​Prakash ​သေဆုံးသွားတာကို ​သြစတြေးလျ ​နိုင်ငံသား ​အားလုံးက ​ဝမ်းမြောက်သင့်တယ်လို့ ​သြစတြေးလျနိုင်ငံ ​ရှေ့နေချုပ်က ​ပြောလိုက်ပါတယ်။

အီရတ်နိုင်ငံ ​မြောက်ပိုင်း ​Mosul ​မြို့ကို ​အမေရိကန်က ​ဝေဟင်ကနေ ​တိုက်ခိုက်တုန်း ​Neil ​Prakash ​သေဆုံးသွားတာ ​ဖြစ်ပါတယ်။

Neil ​Prakash ​ဟာ ​IS ​နဲ့ ​ပူးပေါင်းခဲ့တဲ့ ​အကြမ်းဖက် ​သမားတွေထဲမှာ ​အဆိုးဝါးဆုံး ​ဖြစ်ပြီး ​သြစတြေးလျနိုင်ငံက ​လူငယ်တွေကို ​IS ​နဲ့ ​ပူးပေါင်းဖို့ ​အွန်လိုင်းကနေ ​မြူဆွယ်သူ ​ဖြစ်သလို ​သြစတြေးလျမှာ ​ကြုံရင် ​ကြုံသလို ​အကြမ်းဖက်ကြဖို့ ​တိုက်တွန်းသူလည်း ​ဖြစ်ပါတယ်။

Neil ​Prakash ​ဟာ ​ဗုဒ္ဓဘာသာဝင် ​ဖြစ်ခဲ့ပြီး ​မိခင်က ​ကမ္ဘောဒီးယားနိုင်ငံသူ ​ဖြစ်ပါတယ်။ ​ဖခင်ကတော့ ​ဖီဂျီနိုင်ငံက ​အိန္ဒိယအနွယ်ဖြစ်ပြီး ​သူမွေးခါစကတည်းက ​ဖခင်နဲ့ ​မိခင် ​ကွဲကွာသွားတာ ​ဖြစ်ပါတယ်။

ကမ္ဘောဒီးယားသူ ​မိခင်နဲ့ ​ကြီးပြင်းလာတဲ့ ​Neil ​Prakash ​ဟာ ​အာရှသားလို့ ​ကြီးလာပြီး ​မဲလ်ဘုန်းမြို့ ​အရှေ့ပိုင်းက ​Springvale ​ရပ်ကွက်က ​ဗုဒ္ဓဘာသာ ​ဘုန်းကြီးကျောင်းမှာ ​မိခင်အပြင် ​တခြား ​ကမ္ဘောဒီးယားသားတွေနဲ့အတူ ​သွားလာခဲ့သူ ​ဖြစ်ပါတယ်။

ဒါပေမဲ့ ​အသားမဲတဲ့ ​အာရှသား ​ဖြစ်နေလို့ ​သူ့ကို ​ကဲ့ရဲ့မှုတွေ ​ခံရပြီး ​သူ့ကိုယ်သူ ​လူကြား ​အံဝင်ခွင်ကျသူ ​မဟုတ်ဘူးလို့ ​ယူဆသူ ​ဖြစ်ပါတယ်။

သူ့မိခင်ကလည်း ​အင်္ဂလိပ်စကား ​မတတ်တဲ့အပြင် ​ကျန်းမာရေးပါ ​မကောင်းလို့ ​Neil ​Prakash ​ဟာ ​အိမ်မှာ ​မိခင်နဲ့ ​နေရင်း ​လူမှုရေးမှာ ​ပါဝင်မှု ​မရှိတော့တာ ​ဖြစ်ပါတယ်။

အဲဒီနောက် ​သူဟာ ​မူးယစ်ဆေးတွေသုံးပြီး ​အပေါင်းအသင်းမှားရာကနေ ​အိုင်ယာလန်လူမျိုး ​လူဆိုးဂိုဏ်းဝင် ​တစ်ယောက်နဲ့ ​ခင်မင်သွားခဲ့ပါတယ်။ ​အဲဒီလူက ​အစ္စလာမ် ​ဘာသာ ​ကူးပြောင်းတဲ့အခါ ​Neil ​Prakash ​ကလည်း ​အစ္စလာမ် ​ဘာသာအပေါ် ​စတင် ​စိတ်ဝင်စားလာခဲ့ပါတယ်။

ကမ္ဘောဒီးယားနိုင်ငံကို ​ပြန်ပြီး ​ဗုဒ္ဓဘာသာကို ​လေ့လာတဲ့အခါမှာတော့ ​ဗုဒ္ဓဘာသာဟာ ​စီးပွားရေး ​ဆန်လွန်းတယ်လို့ ​မြင်ပြီး ​အစ္စလာမ် ​ဘာသာ ​ဝင်ဖို့ ​ဆုံးဖြတ်လိုက်ပါတယ်။

အစ္စလာမ် ​ဘာသာ ​ကူးပြောင်းမယ့် ​နေ့မှာ ​Dandenong ​ရပ်ကွက်က ​ဗလီကို ​သွားဖို့ ​ရည်ရွယ်ပေမယ့် ​ကားပျက်သွားလို့ ​နောက်ကျရာက ​Springvale ​ရပ်ကွက်က ​ဗလီမှာပဲ ​မွန်းလွဲပိုင်းမှာ ​ဘာသာ ​ကူးပြောင်းလိုက်ပါတယ်။

Dandenong ​ရပ်ကွက်မှာများ ​အစ္စလာမ် ​ဘာသာ ​ကူးပြောင်းခဲ့ရင် ​အကြမ်းဖက် ​သမား ​ဖြစ်လာချင်မှ ​ဖြစ်လာမှာ ​ဖြစ်ပါတယ်။ ​အဲဒီ ​ရပ်ကွက်ဟာ ​အစ္စလာမ် ​ဘာသာဝင်တွေဟာ ​ဘာသာတရားကို ​သာမာန်ကိုင်းရှိုင်းကြသူတွေ ​ဖြစ်ပြီး ​ဘာသာရေး ​ဆရာကလည်း ​ကောင်းမွန်ပါတယ်။

ဒါပေမဲ့ ​Springvale ​ရပ်ကွက်က ​ဘာသာရေး ​ဆရာကတော့ ​ဘောစနီးယား ​နိုင်ငံဖွား ​ဖြစ်ပြီး ​အစွန်းရောက် ​ဝါဒတွေကို ​ဟောပြောလေ့ရှိသူ ​ဖြစ်လို့ ​သြစတြေးလျ ​အာဏာပိုင်တွေက ​စောင့်ကြည့်ရသူ ​ဖြစ်ပါတယ်။

အဲဒီ ​ဘာသာရေး ​ဆရာဆီမှာ ​ဘာသာဝင်ခဲ့ပြီး ​ဘာသာရေး ​ဆရာရဲ့ ​သြဝါဒတွေကို ​နာခံခဲ့ပါတယ်။

အဲဒီနောက်ပိုင်း ​ဆီးရီးယားနိုင်ငံကို ​သွားပြီး ​IS ​အဖွဲ့နဲ့ ​ပူးပေါင်းတဲ့အထိ ​အစွန်းရောက်သွားခဲ့ရပါတယ်။

IS ​အဖွဲ့က ​သူ့ကို ​Abu ​Khaled ​al-Cambodi ​လို့ ​ခေါ်ပြီး ​သူ့ကို ​အားကိုးကြပါတယ်။

IS ​အဖွဲ့သား ​အများစုဟာ ​ရာဇာဝတ်သားဟောင်းတွေ၊ ​မူးယစ်သုံးစွဲသူတွေ၊ ​လူဆိုးဂိုဏ်းဝင်တွေ ​ဖြစ်ပြီး ​ကိုရမ် ​ကျမ်းစာအုပ်ထဲက ​ကျမ်းစာ ​ပိုဒ်အနည်းငယ် ​တတ်တာနဲ့ ​တမန်တော်လို့ ​ကိုယ့်ကိုကိုယ် ​ယူဆပြီး ​ထင်ရာစိုင်းတဲ့ ​လူတွေ ​ဖြစ်တယ်လို့ ​The ​Australian ​သတင်းစာက ​သတင်းထောက် ​Paul ​Maley ​က ​ပြောပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
ကမ္ဘောဒီးယားလူမျိုး ဗုဒ္ဓကနေ ISနဲ့ ပူးပေါင်းသူ Prakash သေဆုံး  ကမ္ဘောဒီးယားလူမျိုး ဗုဒ္ဓကနေ ISနဲ့ ပူးပေါင်းသူ Prakash သေဆုံး Reviewed by THITHTOOLWIN on 11:27 Rating: 5
Powered by Blogger.