Fallujahမြို့ ပြန်သိမ်းဖို့ အီရတ် ကြိုးစားနေ

Fallujah မြို့ပြင်မှာ စုဝေးနေတဲ့ အီရတ် စစ်သားများ (Credit: AFP) 
IS ​အစ္စလာမ်မစ် ​အဖွဲ့ ​သိမ်းပိုက်ထားတဲ့ ​Fallujah ​မြို့ကို ​ပြန်လည် ​ရယူမှာ ​ဖြစ်လို့ ​မြို့ကနေ ​ထွက်ခွာဖို့ ​မြို့နေ ​ပြည်သူတွေကို ​အီရတ် ​အစိုးရက ​သတိပေးမှုတွေ ​လုပ်ပြီးတဲ့နောက် ​တိုက်ခိုက်မှုတွေ ​စတင်နေပြီ ​ဖြစ်ပါတယ်။

ပြည်သူတွေကို ​ထွက်ခွာဖို့ ​သတ်မှတ်ပေးထားတဲ့ ​အချိန်စေ့ပြီ ​ဖြစ်တဲ့အတွက် ​အီရတ် ​စစ်တပ်တွေ၊ ​ရဲတွေ၊ ​အကြမ်းဖက် ​တိုက်ဖျက်ရေးအဖွဲ့တွေ၊ ​ဒေသတွင်းက ​လက်နက်ကိုင် ​အဖွဲ့တွေအပြင် ​ရှီရိုက် ​မွတ်စလင် ​ပြည်သူ့စစ်မဟာမိတ် ​တပ်တွေ ​စုပေါင်းပြီး ​အလုံးအရင်းလိုက် ​IS ​ကို ​တိုက်ခိုက်ကြတယ်လို့ ​သိရပါတယ်။

Fallujah ​မြို့ကို ​အရင်တုန်းက ​ဆူနီမွတ်စလင်တွေက ​အုပ်ချုပ်ခဲ့တာ ​ဖြစ်ပေမယ့် ​IS ​အဖွဲ့က ​၂၀၁၄ ​ခုနှစ်တုန်းက ​သိမ်းပိုက်လိုက်တာ ​ဖြစ်ပါတယ်။

အဲဒီ ​ထိုးစစ်ဆင်မှုကို ​အမေရိကန် ​ဦးဆောင်တဲ့ ​မဟာမိတ်တပ်က ​ဝေဟင်ကနေ ​အကူအညီပေးမှာလည်း ​ဖြစ်ပါတယ်။

မြို့ပြင်ကို ​ထွက်မပြေးနိုင်တဲ့ ​မိသားစုတွေအနေနဲ့ ​နေအိမ်မှာ ​အဖြူရောင် ​အလံတွေ ​လွှင့်ပြီး ​အသိပေးမှုတွေ ​လုပ်ဖို့ ​အီရတ် ​စစ်တပ်က ​ကြိုတင် ​ပြောဆိုထားပါတယ်။

မြို့ပြင်ကို ​ထွက်ပြေးဖို့ ​ကြိုးစားတဲ့ ​မိသားစု ​၂၀ ​လောက်မှာ ​တဝက်လောက်ပဲ ​အောင်မြင်ပြီး ​တချို့ ​မိသားစုကတော့ ​ထောင်ထားတဲ့ ​မိုင်းတွေ ​နင်းမိလို့ ​သေသွားတာ ​ရှိသလို ​တချို့ကိုတော့ ​IS ​အဖွဲ့က ​မိသွားလို့ ​ထွက်မပြေးနိုင်ခဲ့ကြဘူးလို့ ​ဒေသခံက ​ရိုက်တာ ​သတင်းကို ​ပြောပြပါတယ်။

Fallujah ​မြို့ထဲမှာ ​အရပ်သား ​အယောက်ပေါင်း ​ခုနှစ်သောင်းခွဲကျော် ​ကျန်ရှိနေသေးတယ်လို့လည်း ​သိရပါတယ်။

အီရတ် ​စစ်တပ်အနေနဲ့ ​IS ​လက်ထဲကနေ ​မြို့တချို့ကို ​ပြန်လည် ​သိမ်းပိုက်နိုင်ပေမယ့် ​နယ်မြေအများအပြားကို ​IS ​က ​ဆက်လက် ​ထိန်းသိမ်းထားတဲ့အပြင် ​မြောက်ပိုင်းက ​Mosul ​လို ​မြို့ကြီးကိုလည်း ​ဆက်လက် ​သိမ်းပိုက်ထားတာ ​ဖြစ်ပါတယ်။

ဒီနှစ်အတွင်း ​Mosul ​မြို့ကို ​ပြန်သိမ်းမယ်လို့ ​အီရတ် ​အစိုးရက ​ပြောဆိုနေပေမယ့် ​တချို့လူတွေကတော့ ​စစ်တပ်အနေနဲ့ ​အသင့်မဖြစ်လောက်သေးဘူးလို့ ​ပြောဆိုနေတာ ​ရှိပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
Fallujahမြို့ ပြန်သိမ်းဖို့ အီရတ် ကြိုးစားနေ  Fallujahမြို့ ပြန်သိမ်းဖို့ အီရတ် ကြိုးစားနေ Reviewed by THITHTOOLWIN on 18:46 Rating: 5
Powered by Blogger.