ထူးကြီးမြို့တွင် ဓာတ်ဆီဆိုင် မီးလောင်မှုဖြစ်ပွား


အင်္ဂပူ မေ ၁၁

ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်၊ ထူးကြီးမြို့ အမှတ်(၃)ရပ်ကွက်၊ သမာဓိလမ်းနှင့် အညာတန်းလမ်းဆုံရှိ ဦးဖုန်း(ခ)ဦးကျော်စိုး၏ လိုင်စင်ရ ဓာတ်ဆီဆိုင်တွင် မေလ ၁၀ ရက် ည ၁၁ နာရီ ၁၅ မိနစ် အချိန်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ကိုယ်ပိုင်မီးစက်ဖြင့် ဆီပန့်ဂေါက်ဖွင့်စဉ် သားဖြစ်သူ မောင်နေခြည်တင်အောင်သည် မီးပလတ်ခေါင်းအား ဆွဲဖြုတ်ရာမှ လျှပ်စစ်ဝါယာကြိုးလျှော့ဖြစ်ပြီး မီးလောင်ခဲ့ခြင်း ဖြစ်သည်။ မီးလောင်မှုဖြစ်ပွားရာသို့ အင်္ဂပူမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဥက္ကာဦးစီးပါအဖွဲ့ဝင်များ၊ ခေတ္တမြို့နယ်ရဲတပ်ဖွဲ့မှူး စသိန်းဆွေတင့်နှင့် ထူးကြီးမြို့ အုပ်ချုပ်ရေးမှူးဦးစီးပါအဖွဲ့ဝင်များ၊ ထူးကြီး၊ မဲဇလီကုန်းနယ်မြေ ရဲစခန်းများမှစခန်းမှူးနှင့် တပ်ဖွဲ့ဝင်များ၊ ခရိုင်မီးသတ်ဦးစီးမှူး ဦးစိုးနိုင်နှင့် အင်္ဂပူမြို့နယ် မီးသတ်ဦးစီးမှူး ဦးမြတ်ထွန်းရီ ဦးစီးပါမီးသတ်တပ်ဖွဲ့ဝင်(၅၀)ဦးနှင့် အင်္ဂပူ၊ ထူးကြီး၊ မဲဇလီကုန်း၊ ကွင်းကောက် နှင့်မြန်အောင်မြို့တို့မှ မီးငြိမ်းသတ် ယာဉ်(၉)စီး၊ မီးသတ်စက်ယာဉ်(၂)စီး၊ ရေသယ်ယာဉ်(၃)စီးတို့နှင့် ဒေသခံပြည်သူ (၃၀၀)ဦးတို့က ပူးပေါင်းပြီး မီးငြိမ်းသတ်ခဲ့သဖြင့် မေလ ၁၁ ရက် နံနက်(၀၀း၄၅) အချိန် တွင် လုံးဝမီးငြိမ်းသတ်နိုင်ခဲ့သည်။


အဆိုပါမီးလောင်မှုကြောင့် ဦးဖုန်း(ခ)ဦးကျော်စိုး၏ ဆီဆိုင်၊ ဦးထွန်းကျော်ဦး၏ ဓာတ်မြေသြဇာစိုက်ပျိုးရေး ပစ္စည်းဆိုင်နှင့် ဦးစောလှိုင်၏ ဆိုင်ကယ်ပြင်ဆိုင်တို့ မီးလောင်ဆုံးရှုံးခဲ့ပြီး၊ ဦးဖုန်း(ခ)ဦးကျော်စိုးတွင် ၀ဲဘက်လက်မောင်း ဆီပူလောင်ဒဏ်ရာ(မစိုးရိမ်ရ)နှင့် ၄င်း၏သားဖြစ်သူ မောင်နေခြည်တင်အောင်တွင် ၀ဲယာလက်နှစ်ဖက်နှင့် ရင်ဘတ်နောက်ကျောတို့တွင် ဆီပူလောင်ဒဏ်ရာ(စိုးရိမ်ရ) ရရှိခဲ့သဖြင့် ဟင်္သာတခရိုင်ဆေးရုံသို့ ပို့သဆေးကုသလျှက်ရှိကြောင်း သိရသည်။ မီးလောင်မှုနှင့်ပတ်သက်ပြီး လျှပ်စစ်မီးပေါ့ဆစွာသုံးစွဲခဲ့သူ ဦးဖုန်း(ခ) ဦးကျော်စိုးအား အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိသည်။

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
ထူးကြီးမြို့တွင် ဓာတ်ဆီဆိုင် မီးလောင်မှုဖြစ်ပွား ထူးကြီးမြို့တွင် ဓာတ်ဆီဆိုင် မီးလောင်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 16:35 Rating: 5
Powered by Blogger.