ပါကစ္စတန်တွင် စုံတွဲတစ်တွဲကို ခိုးရာလိုက်ပြေးနိုင်ရန် ကူညီခဲ့သည့် အမျိုးသမီးငယ် အရှင်လတ်လတ် မီးရှို့အသတ်ခံရ


ပက်ရှ်ဝါ ၊ ၆-၅-၂၀၁၆

ပါကစ္စတန်နိုင်ငံ တွင် စုံတွဲ တစ်တွဲအား ခိုးရာလိုက်ပြေး နိုင်စေရန် ကူညီခဲ့သည့် မိန်းကလေးငယ် တစ်ဦးကို အရှင်လတ်လတ် မီးရှို့ သတ်ဖြတ်ရန် မျိုးနွယ်စု ကောင်စီက အမိန့်ပေး ခဲ့ကြောင်း သိရသည်။

အသက် ၁၆ နှစ်အရွယ်ရှိ အဆိုပါ အမျိုးသမီး ငယ်သည် အစ္စလာမ်မာဘတ် မြို့အရှေ့ မြောက်ပိုင်း မိုင် ၃ဝ ခန့်အကွာ ဒွန်ဂါဂါလီ မြို့တွင် ပြီးခဲ့သည့် ရက်သတ္တပတ် က မျိုးနွယ်စု ကောင်စီ၏ အမိန့်ဖြင့် အရှင်လတ်လတ် မီးရှို့ အသတ်ခံခဲ့ ရခြင်း ဖြစ်ကြောင်း ခရိုင်ရဲမှူး ဆာအိဒ်ဝါဇီယာ က ပြောကြားသည်။

အမျိုးသမီးငယ် ကို မီးရှို့သတ်ရန် အမိန့် ပေးခဲ့သည့် အဖွဲ့ဝင် ၁၅ ဦးပါဝင်သော မျိုးနွယ်စု ကောင်စီကို ရဲတပ်ဖွဲ့က မေ ၅ ရက်တွင် ဖမ်းဆီး နိုင်ခဲ့ပြီး ယင်းသို့ သတ်ဖြတ်ခြင်းအား ဂုဏ်ပြု ကွပ်မျက်ခြင်း ဟု အဆိုပါ မျိုးနွယ်စုက အမည်ပေး ထားကြောင်း သိရသည်။

စုံတွဲတစ်တွဲ ခိုးရာလိုက်ပြေး ခြင်းသည် ပြန်လည် အဖတ်ဆယ် မရသည့် ရွာ၏ ဂုဏ်သတင်းကို ထိခိုက်စေသည် ဟု ကောင်စီ အဖွဲ့ဝင်များက ယူဆကာ ယင်းသို့ ဂုဏ်ပြု ကွပ်မျက်ခဲ့ခြင်း ဖြစ်နိုင်ဖွယ် ရှိကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။

ဆက်လက်ပြီး ရဲတပ်ဖွဲ့သည် ကောင်စီ အစည်းအဝေးသို့ တက်ရောက်ကာ အမျိုးသမီး ငယ်အား သေဒဏ်စီရင်မှုကို ထောက်ခံသော ၄င်း၏ မိဘများကိုလည်း ဖမ်းဆီးထိန်းသိမ်း ထားကြောင်း သိရသည်။

Jirga ဟု ခေါ်တွင်သော အဆိုပါကောင်စီကို နိုင်ငံ အရှေ့မြောက်ပိုင်း ဒေသရှိ ဒေသတွင်း တရားစီရင်ရေး အဖွဲ့အဖြစ် မိရိုးဖလာ လက်ခံထား သော်လည်း ၄င်းတို့၏ ဆုံးဖြတ်ချက်သည် ပါကစ္စတန်နိုင်ငံ ဥပဒေနှင့် ကိုက် ညီမှု မရှိကြောင်း ရဲတပ်ဖွဲ့က ပြောကြားထားပြီး ၂ဝ၁၅ ခုနှစ်အတွင်းက ထိုသို့ ဂုဏ်ပြု ကွပ်မျက်ခံရသူ စုစုပေါင်း ၅ဝဝ ကျော် ရှိကြောင်း ပါကစ္စတန် လူ့အခွင့်အရေး ကော်မရှင်၏ ထုတ်ပြန်ချက် အရ သိရသည်။

PyiChitThar
http://www.pyichitthar.com
ပါကစ္စတန်တွင် စုံတွဲတစ်တွဲကို ခိုးရာလိုက်ပြေးနိုင်ရန် ကူညီခဲ့သည့် အမျိုးသမီးငယ် အရှင်လတ်လတ် မီးရှို့အသတ်ခံရ  ပါကစ္စတန်တွင် စုံတွဲတစ်တွဲကို ခိုးရာလိုက်ပြေးနိုင်ရန် ကူညီခဲ့သည့် အမျိုးသမီးငယ် အရှင်လတ်လတ် မီးရှို့အသတ်ခံရ Reviewed by THITHTOOLWIN on 11:29 Rating: 5
Powered by Blogger.