ငွေကျပ် ၂ ဒသမ ၈ ဘီလီယံ လွှဲပြောင်းလက်ခံရခြင်းမရှိ

လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဖေဇင်ထွန်း မေလ ၃၁ ရက်နေ့က ပြည်သူ့လွှတ်တော်မှာ ရှင်းလင်းနေစဉ်
မကွေးတိုင်းမှာရှိတဲ့ ရေနံလက်ယက်တွင်းလုပ်ငန်းရှင်တွေက မကွေးတိုင်းဒေသကြီးအစိုးရကို ပေးရတဲ့ ဒေသ ဖွံ့ဖြိုးရေးငွေကျပ် ၂ ဒသမ ၈ ဘီလီယံ ကို အစိုးရဟောင်းက အစိုးရသစ်ထံ လွှဲပြောင်းခဲ့ခြင်းမရှိကြောင်း လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီး ဦးဖေဇင်ထွန်း က ပြည်သူ့လွှတ်တော်မှာ တင်ပြခဲ့ပါတယ်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းက ၂၀၁၃ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်အထိ ၃နှစ်အတွင်း ရေနံတွင်း လုပ်ငန်းရှင်တွေ က ဒေသဖွံ့ဖြိုးရေးအတွက် မကွေးတိုင်းအစိုးရဟောင်းထံ ပေးရတဲ့ ရန်ပုံငွေ ကျပ် ဘီလီယံ ၂ ဒသမ ၈ ဘီလီယံကို တိုင်းအစိုးရသစ်ထံ လွှဲပေးခဲ့တာ ရှိ မရှိ နဲ့ ဘယ်လိုဒေသဖံွ့ဖြိုးရေး လုပ်ငန်းတွေမှာ အဲ့ဒီရန်ပုံငွေတွေကို သုံးစွဲသလဲ ဆိုတာကို လွှတ်တော်မှာ မေးမြန်းခဲ့တာဖြစ်ပါတယ်။

မကွေးတိုင်း အစိုးရအဖွဲ့ကိုယ်စား လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးဖေဇင်ထွန်းက ရှင်းလင်းဖြေကြားခဲ့တာဖြစ်ပါတယ်။

"ယခင်အစိုးရအဖွဲ့အနေဖြင့် ရန်ပုံငွေမည်မျှရရှိ၍ မည်ကဲ့သို့သုံးစွဲခဲ့သည်ကို ယခုအချိန်အထိ မသိရှိရသေးပါကြောင်း ယခင်မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ၂ဝ၁၁ ခုနှစ်က ၂ဝ၁၅ ခုနှစ်အထိ လုပ်ငန်းဆောင်ရွက်ချက်မှတ်တမ်းတွင် တစ်စုံတရာဖော်ပြထားခြင်း မရှိပါကြောင်းနဲ့ အဆိုပါရေနံ လက်ယက်တွင်းလုပ်ငန်းရှင်များက ဒေသဖွံ့ဖြိုးရေးအတွက် ရန်ပုံငွေထည့်ဝင်ခဲ့သည့်ငွေကြေးနဲ့ စာရင်းဇယားတို့ကို လွှဲအပ်ခဲ့ခြင်းမရှိပါသဖြင့် အဆိုပါထည့်ဝင်ငွေများနဲ့ ပတ်သက်၍ မည်သည့်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းကိုမျှ ဆောင်ရွက်ပေးနိုင်မည် မဟုတ်ပါကြောင်း ဖြေကြားအပ်ပါသည်"

လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနအနေနဲ့ ရေနံလက်ယက်တူးဖော်ခွင့်တွေ ချပေးရာမှာ ရန်ပုံငွေကောက်ခံတာ မရှိသလို ထွက်ရှိတဲ့ ရေနံစိမ်းပေါ်မှာ လည်း ကောက်ယူတာမရှိကြောင်း၊ သက်ဆိုင်ရာ တိုင်းအုပ်ချုပ်ရေးအဖွဲ့နဲ့ အခွန်ရုံးမှာသာ အခွန်ပေးရတာဖြစ်ကြောင်း၊ ဒေသဖံွ့ဖြိုးရေး ရန်ပုံငွေ ကောက်တယ်ဆိုတဲ့ကိစ္စဟာ မကွေးတိုင်း အစိုးရအဖွဲ့ဟောင်း ရဲ့ ဆောင်ရွက်ချက်သာ ဖြစ်ကြောင်း ဝန်ကြီး ဦးဖေဇင်ထွန်း က ရှင်းပြခဲ့ပါတယ်။

အဲ့ဒီဒေသဖံွ့ဖြိုးရေးရန်ပုံငွေတွေဟာ အများပိုင်ငွေတွေဖြစ်တဲ့အတွက် ဥပဒေနဲ့အညီ ဖြစ်စေဖို့ ကြပ်ကြပ်မတ်မတ်ဆောင်ရွက် ဖို့ ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်က လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးကို တိုက်တွန်းခဲ့ပါတယ်။

RFA Burmese
http://www.rfa.org/burmese
ငွေကျပ် ၂ ဒသမ ၈ ဘီလီယံ လွှဲပြောင်းလက်ခံရခြင်းမရှိ  ငွေကျပ် ၂ ဒသမ ၈ ဘီလီယံ လွှဲပြောင်းလက်ခံရခြင်းမရှိ Reviewed by THITHTOOLWIN on 17:45 Rating: 5
Powered by Blogger.