ဆိုင်ကလုန်း မုန်တိုင်း “ရွန်နု”၏ ဘေးအန္တရာယ် ကျရောက်နိုင် မည့် ဒေသများ တွင် ကျန်းမာရေး ကိစ္စများ ကြိုတင် ပြင်ဆင်ထား


နေပြည်တော် မေ ၂၀

ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်း မုန်တိုင်း “ရွန်နု”သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ တောင်ပိုင်းကမ်းခြေသို့ ဦးတည်၍ မုန်တိုင်း၏ အဝန်းအဝိုင်းအတွင်း မြန်မာနိုင်ငံ၏ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ မကွေးတိုင်းဒေသ ကြီးနှင့် စစ်ကိုင်းတိုင်း ဒေသကြီးတို့ပါရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီး ဌာနမှ သတင်းထုတ်ပြန်ထားမှု အပေါ် ကြိုတင်ပြင်ဆင်ထားရှိမှုများ ပြန်လည်သုံးသပ်ခြင်း၊ မုန်တိုင်းဝင်ရောက်လာပါက သဘာဝဘေး ဒဏ်လျော့ပါးရေးအစီအမံများ စီစဉ်ဆောင်ရွက် ခြင်းနှင့် အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများအချိန်နှင့်တစ်ပြေးညီ ဆောင်ရွက် နိုင်ခြင်းတို့နှင့်စပ်လျဉ်း၍ ညှိနှိုင်းအစည်း အဝေးအား ယနေ့ တွင် ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။


ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာမြင့်ထွေးက ပြောကြားရာတွင် ဆိုင်ကလုန်းမုန်တိုင်း “ရွန်နု”၏ ဘေးအန္တရာယ်ကျရောက်နိုင်မှုအပေါ် ကျန်းမာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများအနေဖြင့် ဌာနအလိုက် လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများ စနစ်တကျ ဆောင်ရွက်ထားရှိမှုနှင့် ပတ်သက်၍ ကျေးဇူးတင်ရှိပါ ကြောင်း၊ အဆိုပါအစီအမံများအား သဘာဝဘေးကျရောက်သည့် အချိန်တွင် စနစ်တကျ စီမံဆောင်ရွက် သွားရမည် ဖြစ်ကြောင်း၊ ဘေးအန္တရာယ် ကျရောက်နိုင်ခြေများသည့် တိုင်းဒေသကြီး/ ပြည်နယ်များတွင် ကြိုတင်ပြင်ဆင်ရေးနှင့် သဘာဝဘေး တုန့်ပြန် ဆောင်ရွက်ရေးလုပ်ငန်းများအား စနစ်တကျအားဖြည့်ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ လုပ်ငန်း များဆောင်ရွက်ရာတွင် နီးနွယ်ဌာနများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ ကြိုတင် အသိပေးခြင်း၊ ညှိနှိုင်း ဆောင်ရွက်ခြင်းများ ဆောင်ရွက်ကြရန်လိုကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ သဘာဝဘေးနှင့်ပြည်သူ့ကျန်းမာရေး အရေးပေါ် အခြေအနေ တုံ့ပြန် ဆောင်ရွက်ရေးဌာနခွဲ၊ ညွှန်ကြားရေးမှူးက ဆိုင်ကလုန်း မုန်တိုင်း “ရွန်နု” ဖြစ်ပေါ်မှု အခြေအနေ၊ မုန်တိုင်း ဝင်ရောက်နိုင်မှု လမ်းကြောင်းနှင့် မုန်တိုင်း ၏ သက်ရောက်နိုင်မှုအတိုင်းအတာများ နှင့်ပတ်သက်၍လည်းကောင်း၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က တိုင်းဒေသကြီး/ ပြည်နယ်များတွင် သဘာဝဘေး လျော့ပါးရေးလုပ်ငန်းများနှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်ထားရှိမှုများ၊ သဘာဝဘေး လွတ်ရာဒေသများသို့ အချိန်မီပြောင်းရွေ့နိုင်ရေးနှင့် သဘာဝဘေးတုံ့ ပြန်ဆောင်ရွက်ရေး လုပ်ငန်းစဉ်များနှင့် အရေးပေါ်ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ရန် အဖွဲ့များ ဖွဲ့စည်းထားရှိမှုအခြေအနေနှင့်ပတ်သက်၍လည်းကောင်း၊ ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က တိုင်းဒေသကြီး/ ပြည်နယ် ဆေးရုံကြီးများတွင် သဘာဝဘေး တုံ့ပြန်ဆောင်ရွက်ရေးအတွက် အရေးပေါ်ဆေးနှင့်ဆေးပစ္စည်းများ ဖြည့်တင်းထားရှိမှုနှင့် အရေးပေါ်ကျန်းမာရေး စောင့်ရှောက်မှု ဆေးအဖွဲ့များ ဖွဲ့စည်းထားရှိမှုအခြေအနေ၊ ဆေးနှင့်ဆေးပစ္စည်းများ ထပ်မံဖြည့်ဆည်းပေးမည့် အစီ အမံများနှင့် ပတ်သက်၍ လည်းကောင်း တင်ပြဆွေးနွေး၍ အစည်းအဝေးတက်ရောက်သူများက လိုအပ် သည်များ ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြသည်။

ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးချက်များအပေါ် လိုအပ်သည်များ ပံ့ပိုးပေးမည် ဖြစ်ကြောင်း၊ သဘာဝဘေး တုံ့ပြန်ဆောင်ရွက်ရေးအတွက် အားလုံးဝိုင်းဝန်းညှိနှိုင်း ဆောင်ရွက်ရန် လိုကြောင်း ပြောကြားသည်။

MOI Webportal Myanmar 
https://www.facebook.com/MOIWebportalMyanmar

ဆိုင်ကလုန်း မုန်တိုင်း “ရွန်နု”၏ ဘေးအန္တရာယ် ကျရောက်နိုင် မည့် ဒေသများ တွင် ကျန်းမာရေး ကိစ္စများ ကြိုတင် ပြင်ဆင်ထား  ဆိုင်ကလုန်း မုန်တိုင်း “ရွန်နု”၏ ဘေးအန္တရာယ် ကျရောက်နိုင် မည့် ဒေသများ တွင် ကျန်းမာရေး ကိစ္စများ ကြိုတင် ပြင်ဆင်ထား Reviewed by THITHTOOLWIN on 20:23 Rating: 5
Powered by Blogger.