အလုပ်သမားနေ့တွင် အလုပ်ဆင်းခိုင်းသည့်အတွက် Alpine သောက်ရေသန့်စက်ရုံကို အလုပ်သမားဝန်ကြီးဌာန တရားစွဲ


၂၀၁၆ မေ ၁ ရက်တွင် ကျရောက်သည့် အလုပ်သမားနေ့တွင် အလုပ်ဆင်းခိုင်းသည့်အတွက် မှော်ဘီမြို့နယ်ရှိ Alpine သောက်ရေသန့်စက်ရုံကို တရားစွဲဆိုထားကြောင်း ရန်ကုန်တိုင်းဒေသကြီး အလုပ်ရုံနှင့်အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာန တိုင်းဦးစီးမှူး ဦးကျော်ကျော်ထွန်းက မေ ၁၉ ရက်တွင် News Watch သို့ ပြောကြားသည်။ စက်ရုံ၊ အလုပ်ရုံများအနေဖြင့် အများပြည်သူ ရုံးပိတ်ရက်များတွင် အလုပ်စေခိုင်းမည်ဆိုပါက အလုပ်ဆင်းမည့် အလုပ်သမားများ၏ သဘောတူကြောင်းလက်မှတ်ဖြင့် သက်ဆိုင်ရာမြို့နယ် အလုပ်သမားရုံးသို့ လျှောက်ထား၍ ခွင့်ပြုချက်ရရှိမှ ဆောင်ရွက်ရမည်ဖြစ်ကြောင်း ၎င်းကပြောသည်။

''အလုပ်ဆင်းမယ့် အလုပ်သမားတွေက သဘောတူတယ်ဆိုဦးတော့ ခွင့်ပြုချက်မတောင်းလို့ရှိရင် အရေးယူလို့ရ ပါတယ်။ အခုဖြစ်စဉ်က ခွင့်ပြုချက်မတောင်းလို့ ကျွန်တော်တို့က တရားစွဲရတာပါ။ မနက်ဖြန် မှော်ဘီမှာ ရုံးချိန်ရှိ ပါတယ်''ဟု ဦးကျော်ကျော်ထွန်းက ပြောကြားသည်။

Alpine သောက်ရေသန့်စက်ရုံသည် မေ ၁ ရက်တွင် အလုပ်သမား ၂၇ ဦးကို လုပ်ခနှစ်ဆပေး၍ ၎င်းတို့၏ သဘောတူညီချက်ဖြင့် အလုပ်ခိုင်းစေခဲ့သော်လည်း အလုပ်သမားအချို့က မကျေနပ်၍ မှော်ဘီမြို့နယ် အလုပ်သမားရုံးသို့ တိုင်ကြားခဲ့ရာ ကွင်းဆင်းစစ်ဆေးမှုအရ ခွင့်ပြုချက်မတင်ထားကြောင်း တွေ့ရှိရသဖြင့် အရေးယူခဲ့ခြင်းဖြစ်ကြောင်း မှော်ဘီမြို့နယ် အလုပ်သမားရုံးထံမှ သိရှိရသည်။

''စက်ရုံက တာဝန်ရှိသူနှစ်ယောက်ကို တရားစွဲထားပါတယ်။ ခွင့်ပြုချက်တောင်းလို့ရှိရင် များသောအားဖြင့် ကျွန်တော်တို့က ပေးလေ့ရှိပါတယ်။ အခါကြီး ရက်ကြီးတွေက လွဲလို့ပေါ့။ စားသောက်ကုန်နဲ့ ပို့ကုန်လုပ်ငန်း တွေကို ဦးစားပေးပြီး ခွင့်ပြုပေးလေ့ရှိပါတယ်''ဟု တိုင်းဦးစီးမှူး ဦးကျော်ကျော်ထွန်းက ပြောကြားသည်။

အထက်ပါဖြစ်စဉ်နှင့်ပတ်သက်၍ မှော်ဘီမြို့နယ်ရှိ Alpine သောက်ရေသန့်စက်ရုံသို့ ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း စက်ပိတ်ထားသောကြောင့် ဆက်သွယ်၍မရရှိခဲ့ပါ။ ၁၉၅၁ ခုနှစ် အလုပ်သမား အက်ဥပဒေအရ ဥပဒေချိုးဖောက်သည့် စက်ရုံကို ဒဏ်ကြေးငွေကျပ် သိန်း ၂၀ သို့မဟုတ် ထောင်ဒဏ်သုံးလဖြစ်စေ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်နိုင်ကြောင်းသိရှိရသည်။

နန္ဒမျိုးဆောင်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal/
အလုပ်သမားနေ့တွင် အလုပ်ဆင်းခိုင်းသည့်အတွက် Alpine သောက်ရေသန့်စက်ရုံကို အလုပ်သမားဝန်ကြီးဌာန တရားစွဲ  အလုပ်သမားနေ့တွင် အလုပ်ဆင်းခိုင်းသည့်အတွက် Alpine သောက်ရေသန့်စက်ရုံကို အလုပ်သမားဝန်ကြီးဌာန တရားစွဲ Reviewed by THITHTOOLWIN on 17:33 Rating: 5
Powered by Blogger.