NLD ကိုယ်စားလှယ်အဖွဲ့နှင့် ၀ ထိပ်သီးခေါင်းဆောင်များ ၀ ဒေသပန်ဆန်းတွင် တွေ့ဆုံခဲ့ ငြိမ်းချမ်းရေးအတွက် အရေးပါသည့် ခြေလှမ်းဟု လေ့လာသူများဆို


၂၁ ရာစု ပင်လုံညီလာခံကိုလပိုင်းအတွင်း ကျင်းပမည်ဟု နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကြေငြာခဲ့ပြီး ရက်ပိုင်းအတွင်းမှာပင် အရေးပါသည့် ခြေလှမ်းတရပ်အဖြစ် NLD ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးဌေး ( အငြိမ်းစား စစ်သံမှူး ) ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် UWSA ၀ တပ်ဖွဲ့ထိပ်သီးခေါင်းဆောင်ဖြစ်သူ ဦးရှောက်မီလျှံဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့မှာ ဧပြီ ၂၇ နှင့်၂၈ ရက်နေ့က ၀ ဒေသမြို့တော် ပန်ဆန်း ( ပန်ခမ်း )တွင် တွေ့ဆုံခဲ့ပါသည်။

ဝ ဒေသအခြေစိုက် ၀ ရုပ်မြင်သံကြား သတင်းဌာတွင် ဖော်ပြချက်အရ ငြိမ်းချမ်းရေးနှင့် ပတ်သက်သည့် အကြောင်းအရာများကို ဆွေးနွေးခဲ့သည်ဟု ဖော်ပြထားသည်။

' ၂၆ ကတည်းက ရောက်တယ် ။ ၂၇ နဲ့ ၂၈ မှာတွေ့တယ်။ ဦးရှောက်မီလျှံတို့ ဦးကျောက်ကျူံးတန်းတို့လည်းပါတယ်။ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ၀ ကလည်း အရေးကြီးတော့ အန်အယ်လ်ဒီကလည်း ကြေငြာထားတော့ လာတွေ့ပြီး ဘာအခက်ခဲရှိနိုင်တယ် ၀ ရဲ့ ရပ်တည်ချက်နဲ့ အခက်ခဲတွေက ဘာဆိုတာ ဆွေးနွေးတဲ့သဘောဖြစ်တယ်။ ငြိမ်းချမ်းရေးအတွက် အထောက်ကူဖြစ်စေတဲ့ ဆွေးနွေးမှုလို့ ပြောချင်ပါတယ်။ ' ဟု ၀ တပ်ဖွဲ့နှင့် နီးစပ်သည့် တရုတ်မြန်မာနယ်စပ် စစ်ရေးနိုင်ငံရေး အကဲခတ်တဦးမှ The Ladies News သို့ ပြောဆိုသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနက် အင်အားအကြီးဆုံးနှင့် ထိန်းချုပ်နယ်မြေအကျယ်ပြန့်ဆုံး လက်နက်ကိုင်အဖွဲ့အစည်းဖြစ်သည့် UWSA ၀ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်မှာ နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေးတွင် စာချုပ်ချုပ်ဆိုခြင်း မရှိသေးသည့်အဖွဲ့အစည်းဖြစ်ပြီး မြန်မာနိုင်ငံမြောက်ပိုင်းမှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအပေါ် အတန်အသင့် သြဇာရှိသည့် အဖွဲ့အစည်းလည်းဖြစ်သည်။
နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးထားမှုမရှိသေးသော်လည်း လက်မှတ်ရေးထိုးခြင်းမ ရှိသေးသည့်အဖွဲ့များနှင့် ပြီးခဲ့သည့် မတ်လကအစည်းအဝေးတရပ်ပြုလုပ်ထားပြီး အစိုးရသစ်နှင့် အမြန်ဆုံးနိုင်ငံရေးဆွေးနွေးလိုကြောင်း ကြေငြာချက်ထုတ်ပြန်ထားပါသည်။
လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်အခြေနေအရ အပစ်မရပ်သေးသည့်အဖွဲ့များနှင့် အပစ်ခတ်ရပ်စဲရန် ၊ နိုင်ငံရေးအရဆွေးနွေးနေသည့်အဖွဲ့များနှင့် ဆက်လက်ဆွေးနွေးနေမှု စသည့် အပိုင်းနှစ်ပိုင်းရှိနေပြီး နိုင်ငံရေးဆွေးနွေးမည့် ငြိမ်းချမ်းရေး ညီလာခံနှင့်အပစ်မရပ်သေးသည့်အဖွဲ့များ ညီလာခံတွင်ပါဝင်လာရေးတို့မှာ တပြိုင်နက်တည်းဆောင်ရွက်ရမည့် ကိစ္စရပ်များဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားထားပါသည်။

တရုတ်မြန်မာနယ်စပ်တွင် အခြေစိုက်သည့် ၀ တပ်ဖွဲ့မှာ နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေးတွင် ပါဝင်ခွင့်ပြုရန် ငြင်းဆန်ခြင်းခံထားရသည့် MNDAA ကိုးကန့်အဖွဲ့နှင့်လည်း အလွန်နီးစပ်သော မဟာမိတ် ဆက်ဆံရေးရှိသည့် အဖွဲ့အစည်းဖြစ်ပြီး ၀ ၊ ကိုးကန့် ၊ မိုင်းလားစသည့်အဖွဲ့များမှာ ဗမာပြည်ကွန်မြူနစ်ပါတီမှ ခွဲထွက်လာသည့် အဖွဲ့အစည်းများလည်း ဖြစ်ကာ နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးရခြင်းမရှိသေးသော အဖွဲ့များလည်း ဖြစ်ပါသည်။
လေ့လာသူ အချို့ကမူ အပစ်ရပ်ရေးနှင့် နိုင်ငံရေးဆွေးနွေးမှုများ ပြုလုပ်ရန် အန်အယ်လ်ဒီအနေဖြင့် တပ်မတော် ၊ တရုတ်နိုင်ငံတို့နှင့်ပါ ပြေလည်ရန်လိုအပ်ကြောင်းဆိုထားပြီး ၀ တပ်ဖွဲ့နှင့် တွေ့ဆုံမှုမှာ အပြုသဘောဆောင်သည့် ခြေလှမ်းအဖြစ် ရှူမြင်သုံးသပ်မှုများရှိနေသည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ၂၀၁၅ ခုနစ်ကလည်း ရန်ကုန်ကို လာရောက်သည့် ၀ ကိုယ်စားလှယ်အဖွဲ့ကိုလက်ခံတွေ့ဆုံခဲ့ဖူးပြီး ပြီးခဲ့သည့် ရွေးကောက်ပွဲ ကာလကလည်း ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ ၀ လူမျိုးများနေထိုင်ရာ ဒေသရှိ မဲဆန္ဒနယ်များတွင် ၀ တိုင်းရင်းသားများ၏ မဲဖြင့် အန်အယ်လ်ဒီကိုယ်စားလှယ်အချို့မှာ အနိုင်ရရှိခဲ့ဖူးပါသည်။

NLD အစိုးရ ကိုယ်စားလှယ်အဖြစ် ၀ ဒေသသို့သွားရောက်ခဲ့သူ ဦးစိုးဌေးမှာ တပ်မတော်တွင် ဗိုလ်မှူးချုပ်အဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး မလေးရှား ၊ ရုရှားနှင့် အမေရိကန်နိုင်ငံတို့တွင် စစ်သံမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးပါသည်။

စိုင်းထွန်းအောင်လွင်

The Ladies News
https://www.facebook.com/News.TheLadies
NLD ကိုယ်စားလှယ်အဖွဲ့နှင့် ၀ ထိပ်သီးခေါင်းဆောင်များ ၀ ဒေသပန်ဆန်းတွင် တွေ့ဆုံခဲ့ ငြိမ်းချမ်းရေးအတွက် အရေးပါသည့် ခြေလှမ်းဟု လေ့လာသူများဆို NLD ကိုယ်စားလှယ်အဖွဲ့နှင့် ၀ ထိပ်သီးခေါင်းဆောင်များ ၀ ဒေသပန်ဆန်းတွင် တွေ့ဆုံခဲ့ ငြိမ်းချမ်းရေးအတွက် အရေးပါသည့် ခြေလှမ်းဟု လေ့လာသူများဆို Reviewed by THITHTOOLWIN on 16:08 Rating: 5
Powered by Blogger.