ချောင်းသာရှိ KTV တွင် တပ်မတော်သား တပ်ရင်းမှုးက သေနတ်ဖြင့် ခြိမ်းခြောက်ပြီး ၀န်ထမ်း မိန်းကလေးကို သားမယားပြုကျင့်ခဲ့မှုအား စစ်ဆေးနေ


ဧရာဝတီတိုင်းဒေသကြီး၊ ချောင်းသာကမ်းခြေရှိ KTV တစ်ခုတွင် သေနတ်ဖြင့် ခြိမ်းခြောက်ပြီး ဆိုင်ဝန်ထမ်းများ အားနှိပ်စက်ကာ ၀န်ထမ်းမိန်းကလေးကို သားမယားပြုကျင့်ခဲ့သည့် အရပ်သားနှစ်ဦးအား မုဒိမ်းမှုအပါအ၀င် ပုဒ်မ ငါးခုဖြင့် စစ်ဆေးနေကြောင်း သိရှိရသည်။

ပြီးခဲ့သည် မတ်လ ၃၀ ရက်နေ့တွင် ချောင်းသာကမ်းခြေရှိ Woody House KTV ၌ အမှတ် ၂၇ ခြေလျင် တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး စိုးမြင့်ဦးနှင့် အရပ်သားနှစ်ဦးက သေနတ်ဖြင့် ခြိမ်းခြောက်ပြီး ဆိုင်ဝန်ထမ်းများအား နှိပ်စက်ကာ ၀န်ထမ်းမိန်းကလေး တစ်ဦးကို အလိုမတူဘဲ သားမယားပြုကျင့်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“အမှုတင်တာပဲ ရှိပါသေးတယ်။ တပ်ရင်းမှူးကိုတော့ စစ်ဘက်ဆိုင်ရာတရားရုံးက စစ်ဆေးတာပါ။ ဒီလိုအမှုတွေဖြစ်လာရင် စစ်စည်းကမ်းနဲ့ အရေးယူမလား တပ်ကိုအရင်မေးရတယ်။ အခုက စစ်စည်းကမ်းနဲ့လည်း အရေးယူထားပြီလို့ သိရတယ်”ဟု ပုသိမ်ခရိုင်တရားသူကြီး ဒေါ်မိုးမိုးအေးက ပြောသည်။

ပုသိမ်ခရိုင်တရားရုံးက ရန်နိုင်အောင်နှင့် အဖော်ပါလာသူ ဝေလင်းတို့အား မေလ ၁၁ ရက်နေ့တွင် စတင် စစ်ဆေးရန်ရုံးချိန်း ပြန်လည်ခေါ်ဆိုထားပြီး ၎င်းတို့ နှစ်ဦးအား ပုသိမ်အကျဉ်းထောင်တွင် ဖမ်းဆီးချုပ်နှောင်ထားကြောင်း ပုသိမ်ခရိုင်တရားရုံးမှ သိရသည်။

“ဒီလုပ်ငန်းတွေကလည်း ဥပဒေကို လက်တစ်လုံးခြား လုပ်ပြီး ဖွင့်လှစ်ထားတဲ့ လုပ်ငန်းတွေဆိုတော့ ဒေသအတွက်လည်း မကောင်းဘူး။ ဒီဆိုင်တွေကို စည်းမျဉ်းစည်းကမ်း အတိုင်း ဖြစ်စေချင်တယ်။ စည်ကမ်းနဲ့ မညီရင်လည်း အရေးယူပေးစေချင်တယ်” ဟု ချောင်းသာအုပ်ချုပ်ရေးမှူး ကိုတေဇာအောင်က ပြောသည်။

မှုခင်းဖြစ်စဉ်ကို စတင်တိုင်ကြားသူမှာ KTV ဆိုင်ပိုင်ရှင် ဖြစ်ပြီး နောက်ပိုင်တွင် လိင်ပိုင်း ဆိုင်ရာ မဖွယ်မရာ ပြုလုပ်ခံရပြီး အလိုမတူဘဲ သားမယားအဖြစ်ပါ ပြုကျင့်ခံခဲ့ရသူ မိန်းကလေးက တရားလိုအဖြစ် တိုင်ကြားခဲ့ခြင်း ဖြစ်ပြီး ချောင်းသာရဲစခန်းက (ပ) ၃၄/၂၀၁၆၊ ကျင့် ၁၇၂(၁)အရ ရဲစခန်းတွင် အမှုရေးဖွင့်ခဲ့ခြင်းဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ ဖြစ်ရပ်အတွက် ပြစ်မှုကျူးလွန်သည်ဟု စွပ်စွဲခံရသူ ရန်နိုင်အောင်နှင့် အဖော်ပါ လာသူ ဝေလင်းတို့အား ရာဇသတ်ကြီးပုဒ်မ ၃၇၆ (မုဒိမ်းမှု)၊ ၃၇၇ (ဓမ္မတာနှင့်ဆန့်ကျင်သော ကာမဆက်ဆံမှု)၊ ၅၀၆ (ရာဇ၀တ်မှုမကင်းသော ခြောက်လှန့်မှု)၊ ၃၂၃ (သာမန်နာကျင်စေမှု)၊ ၁၁၄ (အားပေးကူညီပူးပေါင်း ကြံစည်မှု) တို့ဖြင့် ပုသိမ်ခရိုင် တရားရုံးက စစ်ဆေးနေပြီး အမှတ် ၂၇ ခြေလျင် တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး စိုးမြင့်ဦးအား စစ်ဘက်ဆိုင်ရာ တရားရုံးက စစ်ဆေးနေကြောင်း ပုသိမ်ခရိုင်တရားရုံးမှ သိရသည်။

သတင်း - MMK
The Ladies News
https://www.facebook.com/News.TheLadies
ချောင်းသာရှိ KTV တွင် တပ်မတော်သား တပ်ရင်းမှုးက သေနတ်ဖြင့် ခြိမ်းခြောက်ပြီး ၀န်ထမ်း မိန်းကလေးကို သားမယားပြုကျင့်ခဲ့မှုအား စစ်ဆေးနေ ချောင်းသာရှိ KTV တွင် တပ်မတော်သား တပ်ရင်းမှုးက သေနတ်ဖြင့် ခြိမ်းခြောက်ပြီး ၀န်ထမ်း မိန်းကလေးကို သားမယားပြုကျင့်ခဲ့မှုအား စစ်ဆေးနေ Reviewed by THITHTOOLWIN on 17:04 Rating: 5
Powered by Blogger.