KIA စခန်း ၂ ခု ဆုတ်ပေး ပြီးနောက် အစိုးရတပ် တိုက်ခိုက်မှု ရပ်နေ

KIO ဗဟိုဌာနချုပ်အနီး လဂျားယန်စစ် စခန်း
စစ်အင်အား အလုံးအရင်းဖြင့် တိုက်ခိုက်လာသဖြင့် ကချင် လွတ်လပ်ရေး တပ်မတော် KIA မှ ၎င်း၏ ရှေ့တန်းစခန်း ၂ ခုကို ဆုတ်လိုက်ပြီးနောက် အစိုးရတပ်၏ ထိုးစစ်ဆင်မှုသည် ယခုချိန်ထိ ရပ်တန့် နေဆဲဖြစ်ပါသည်။

လွန်ခဲ့သည့် အပတ် ဆုတ်ခွာပေးလိုက်သော KIA တပ်ရင်း ၁၈ ၏ ဆွတ်ရှန်စခန်း (Sut Shang post) နှင့် အင်ဘူကောင် (Nbu Kawng post) စခန်း ၂ ခုတွင် အစိုးရတပ်များ ယခုထိ ဝင်ရောက်တပ်စွဲခြင်း မပြုသော်လည်း ယင်း စခန်းအနီး တစ်ဝိုက်တွင် နေရာယူထားကြောင်း KIA ရှေ့တန်း သတင်းမှ သိရပါသည်။

ယင်း စခန်း ၂ခုကို တိုက်ခိုက် သိမ်းပိုက်ခဲ့သော အစိုးရတပ်တွင် ခလရ ၄၀၊ ခလရ ၆၃၊ စကခ ၃ လက်အောက် ခမရ ၃၈၂ နှင့် ၃၈၃ တပ် အင်အား ၅၀၀ ကျော် ပါဝင်ကြောင်း ရှေ့တန်းရောက် KIA စစ်ဗိုလ်တစ်ဦး ကချင်သတင်းဌာန KNG ကို ပြောပါသည်။

ဧပြီ ၇ ရက်နေ့တွင် လိုင်ဇာ ဗဟိုဌာနချုပ် အနောက်မြောက်ဘက် မြစ်ကြီးနား-ဗန်းမော် ကားလမ်းပေါ်ဘန်ဒေါင်ယန် (Ban Dawng Yang) KIA ဆွတ်ရှန် စခန်း (Sut Shang post) ကို ဆုတ်ခွာပေးလိုက်ရပြီး နောက်နေ့တွင် နမ့်ဆန်ယန် (Nam San Yang) အနီး ဘန်ဒေါင် (Ban Dawng)နှင့် လဇိန်ကောင် (Lazing Kawng) ကြားရှိ အင်ဘူကောင်စခန်း (Nbu Kawng post) ကို နောက်ဆုတ် ပေးခဲ့ပါသည်။

အစိုးရတပ်မှ KIA ရှေ့တန်းစခန်း ၂ ခုကို တိုက်ခိုက် သိမ်းပိုက် လိုက်သော်လည်း ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA ဌာနချုပ်သည် ‘စစ်ရေးထက် နိုင်ငံရေး ဆွေးနွေးပွဲကို အဓိက ထားသွားမည်ဖြစ်ကြောင်း’ ဗဟို အရာရှိများ ပြောနေပါသည်။

မြန်မာနိုင်ငံတွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ဦးဆောင်သော လူထုအစိုးရ တက်လာသည့် တစ်ပတ်ပြည့်ချိန်တွင် အစိုးရတပ်မှ ပထမဦးဆုံး လိုင်ဇာအနီး KIA ရှေ့တန်းစခန်း ၂ ခုကို သိမ်းပိုက် လိုက်ခြင်း ဖြစ်ပါသည်။

Kachin News Group - Burmese
http://burmese.kachinnews.com
KIA စခန်း ၂ ခု ဆုတ်ပေး ပြီးနောက် အစိုးရတပ် တိုက်ခိုက်မှု ရပ်နေ KIA စခန်း ၂ ခု ဆုတ်ပေး ပြီးနောက် အစိုးရတပ် တိုက်ခိုက်မှု ရပ်နေ Reviewed by THITHTOOLWIN on 18:04 Rating: 5
Powered by Blogger.