နိုင်ငံရေးအကျဉ်းသားများ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ နိုင်ငံရေးနှင့်ဆက်နွှယ်ပြီး အမှုရင်ဆိုင်နေကြရသူများကို အမှုများမှရုပ်သိမ်းပြီး ယနေ့လွှတ်ပေးလိုက်ပြီ


နေပြည်တော် ဧပြီ ၈

နိုင်ငံရေးအကျဉ်းသားများ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ နိုင်ငံရေးနှင့် ဆက်နွှယ်ပြီး အမှုရင်ဆိုင်နေကြရသူများနှင့်စပ်လျဉ်းသည့် အမှုများမှရုပ်သိမ်း ပြီးသူ ၁၃၈ ဦးကို ယနေ့လွှတ်ပေးခဲ့သည်။

အဆိုပါ နိုင်ငံရေးအကျဉ်းသားများ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ နိုင်ငံရေးနှင့်ဆက်နွှယ်ပြီး အမှုရင်ဆိုင်နေကြရသော ကျောင်းသား ကျောင်းသူများ လွတ်မြောက်ရေးအတွက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးမှ ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဧပြီ ၇ ရက်တွင် ကြေညာချက်အမှတ် (၁/၂ဝ၁၆)ဖြင့် ထုတ်ပြန်ခဲ့ပြီးနောက် ယခုကဲ့သို့ ချက်ချင်းအရေးယူ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ထိုကဲ့သို့ ပဲခူး၊ မကွေး၊ ရန်ကုန်နှင့် မန္တလေးတိုင်းဒေသကြီးတို့အတွင်းရှိ တရားရုံးများမှ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ(၄၉၄)အရ ရုပ်သိမ်းသော အမှုမှ ယနေ့ည ၈ နာရီခွဲအထိ လွှတ်ပေးခဲ့သူများမှာ အမျိုးသား ၁၁၁ ဦး၊ အမျိုးသမီး ၂၅ ဦးနှင့် ကလေးနှစ်ဦး စုစုပေါင်း ၁၃၈ ဦးဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ထို့အပြင် သက်ဆိုင်ရာ အကျဉ်းထောင်အသီးသီး၌ ပြစ်ဒဏ်ကျခံနေရသော နိုင်ငံရေးအကျဉ်းသားများနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ လွတ်ငြိမ်းသက်သာခွင့်ရရှိပြီး အမြန်ဆုံး ပြန်လည်လွတ်မြောက်ရေးအတွက်ကိုလည်း လုပ်ထုံးလုပ်နည်းများနှင့် အညီ စိစစ်ဆောင်ရွက်လျက်ရှိရာ မကြာမီရောက်ရှိတော့မည့် နှစ်သစ်ကူး အခါသမယတွင် ပြစ်ဒဏ်မှလွတ်ငြိမ်း ခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့အတူ အမှုရင်ဆိုင်လျက်ရှိသော သူများနှင့် သက်ဆိုင်သည့်ပြစ်မှုများကို ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ (၄၉၄)နှင့်အညီ အမှုရုပ်သိမ်းရေးအတွက် ဥပဒေ၊ နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိရာ ဧပြီ ၈ ရက်အထိ အမှုစစ်ဆေးရန် တရားရုံးက ချိန်းဆိုထားသူများအတွက် အပြီးဆောင်ရွက်နိုင်သော်လည်း ယင်းနေ့တွင် အမှုစစ်ဆေးရန် ချိန်းဆိုထားခြင်း မရှိသူများအတွက် အချိန်မီဆောင်ရွက်နိုင်ခြင်း မရှိသဖြင့် နှစ်သစ်ကူးရုံးပိတ်ရက် ကုန်ဆုံးပြီးနောက် တရားရုံးများဖွင့်လှစ်သည့်အချိန်တွင် အမြန်ဆုံးဆက်လက် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးမှ ကြေညာချက်အမှတ်(၂/၂ဝ၁၆)ဖြင့် ယနေ့ ထုတ်ပြန်ထားရှိသည်။

ထို့အပြင် သင်္ကြန်နှစ်သစ်ကူးချိန်ရောက်ရှိတိုင်း ခံစားခွင့်ပြုနေကြဖြစ်သည့် အကျဉ်းဦးစီးဌာနညွှန်ကြား ရေးမှူးချုပ်၏ နှစ်သစ်ကူးအထူးဆု မှတ်ရက် (ကြိုတင်လျှော့ရက်)များကို ခံစားရရှိကြသော အကျဉ်းသား၊ အကျဉ်းသူ စုစုပေါင်း ၂၁၇၈ ဦးကိုလည်း ယနေ့တွင် အကျဉ်းထောင် အသီးသီးမှလွှတ်ပေးခဲ့ကြောင်း အကျဉ်းဦးစီးဌာနမှ သိရသည်။

The Mirror Daily
https://www.facebook.com/TheMirrorDaily
နိုင်ငံရေးအကျဉ်းသားများ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ နိုင်ငံရေးနှင့်ဆက်နွှယ်ပြီး အမှုရင်ဆိုင်နေကြရသူများကို အမှုများမှရုပ်သိမ်းပြီး ယနေ့လွှတ်ပေးလိုက်ပြီ  နိုင်ငံရေးအကျဉ်းသားများ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ နိုင်ငံရေးနှင့်ဆက်နွှယ်ပြီး အမှုရင်ဆိုင်နေကြရသူများကို အမှုများမှရုပ်သိမ်းပြီး ယနေ့လွှတ်ပေးလိုက်ပြီ Reviewed by THITHTOOLWIN on 06:47 Rating: 5
Powered by Blogger.