ဧရာဝတီတိုင်းမှ ကျေးရွာ ၄၀၀ သောက်ရေ ပြတ်လပ်မှု ကြုံတွေ့နိုင်

ကျေးရွာတစ်ရွာမှာ ဒေသခံတွေကို ရေများဖြန့်ဝေပေးနေစဉ်။ Photo: Kyaw Lwin Oo/RFA
ဧရာဝတီတိုင်းဒေသကြီးမှာ လာမယ့် ဇွန်လဆန်းလောက်အထိ ကျေးရွာပေါင်း ၄၀၀ ကျော်မှာ ရေပြတ်လပ်မှု ကြုံတွေ့နိုင်ပြီး လောလောဆယ်မှာ ငပုတောမြို့နယ် ဖိုးရွှေပုကျေးရွာမှာ သောက်သုံးရေရှားပါးမှု အဆိုးဆုံးအခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။

လူဦးရေ ၂၀၀ လောက်ရှိတဲ့ ဖိုးရွှေပုကျေးရွာမှာ ရေလှောင်ကန်တွေ ခမ်းခြောက်သွားတာကြောင့် နှစ်ရက်ခြား တစ်ခါလောက် သောက်သုံးရေ ဖြန့်ဝေပေးနေရတယ်လို့ ဧရာဝတီတိုင်းဒေသကြီး ကျေးလက်ဒေသ ဖံွ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးသန်း က ပြောပါတယ်။

ငပုတောမြို့နယ်အပြင် ပုသိမ်၊ ဘိုကလေး၊ ကြံခင်း၊ လပွတ္တာ၊ ဖျာပုံ၊ ရေကြည် နဲ့ မော်လမြိုင်ကျွန်းမြို့နယ်တွေက ကျေးရွာ ၂၃ ရွာမှာလည်း ရေငံဝင်ရောက်မှုတွေရှိနေတာကြောင့် သောက်သုံးရေ အခက်အခဲဖြစ်နေပါတယ်။

ငပုတောမြို့နယ် ဘုရားလှကျေးရွာအုပ်စုက ကျေးရွာ ၆ ရွာမှာလည်း သောက်ရေလိုအပ်နေတာကြောင့် ပုသိမ်မြို့ပေါ် အရပ်ဘက်အဖွဲ့အစည်းတွေက သင်္ဘောတွေနဲ့ နေ့စဉ် ပို့ဆောင်ပေးနေရတယ်လို့ ဒေသခံ ဦးချစ်သိန်း က ပြောပါတယ်။

ဘုရားလှကျေးရွာအုပ်စုမှာ လူဦးရေ ၄ ထောင်ကျော်လောက်ရှိနေတာ ဖြစ်ပါတယ်။ ဘုရားလှကျေးရွာအုပ်စုမှာ ပြီးခဲ့တဲ့မတ်လကစပြီး သောက်သုံးရေ ပြတ်လပ်မှုနဲ့ ရင်ဆိုင်နေရတဲ့အတွက် အိမ်ထောင်စုတစ်စုကို ၅ ဂါလံဆန့်တဲ့ သောက်ရေပုံးတစ်ပုံးစီကို ၃ ရက်ခြားတစ်ခါ ဖြန့်ဝေပေးနေတယ်လို့လည်း ဦးချစ်သိန်း က ပြောပါတယ်။

မနှစ်က နွေရာသီမှာ ဧရာဝတီတိုင်းဒေသကြီးအတွင်း ကျေးရွာပေါင်း ၁၄၀ ကျော် ရေပြတ်လပ်ခဲ့ပြီး ဒီနှစ်မှာ အယ်လ်နီညိုရာသီဥတုကြောင့် ရေပြတ်လပ်မှု ကြုံတွေ့ရနိုင်တဲ့ ကျေးရွာအရေအတွက် ပိုများလာတာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese
ဧရာဝတီတိုင်းမှ ကျေးရွာ ၄၀၀ သောက်ရေ ပြတ်လပ်မှု ကြုံတွေ့နိုင်  ဧရာဝတီတိုင်းမှ ကျေးရွာ ၄၀၀ သောက်ရေ ပြတ်လပ်မှု ကြုံတွေ့နိုင် Reviewed by THITHTOOLWIN on 21:01 Rating: 5
Powered by Blogger.