ပြည်အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား (၆) ဦး လွတ်မြောက်


ပဲခူးတိုင်းဒေသကြီး၊ပြည်မြို့ အကျဉ်းထောင်မှ ဧပြီလ(၁၇)ရက်နေ့ နံနက်(၈)နာရီ အချိန်ခန့်တွင် နိုင်ငံရေးအကျဉ်းသား (၆)ဦး လွတ်မြောက်လာခဲ့ကြောင်း သိရသည်။

အဆိုပါ အကျဉ်းသား(၆)ဦး လွတ်မြောက်ခြင်းမှာ နိုင်ငံတော်သမ္မတကြီး ဦးထင်ကျော် လက်ထက်တွင် ဒုတိယ အကြိမ်မြောက်ဖြစ်ပြီး နှစ်သစ်ကူး အခါသမယတွင် အမျိုးသား ရင်ကြားစေ့ရေးနှင့် ပြည်သူလူထုနှလုံးစိတ်ဝမ်း ငြိမ်းချမ်းရေးကို ဦးတည်သောအားဖြင့် ကျဉ်းထောင်အသီးသီးတွင် ပြစ်ဒဏ်ကျခံလျှက်ရှိသည့် ပူးတွဲစာရင်းပါ အကျဉ်းသား(၈၃)ဦးကို ၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း(၁၀)ရက်၊မြန်မာနှစ်ဆန်း(၁)ရက် (၂၀၁၆-ခုနှစ်၊ ဧပြီလ(၁၇)ရက်နေ့မှစ၍ နိုင်ငံတော်ဖွဲစည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၀၄၊ပုဒ်မခွဲ(က)အရ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပြုလိုက်သည်ဆိုသည့် သမ္မတကြီးကိုယ်တိုင် လက်မှတ်ရေးထိုးပြီး အမည်စာရင်းများနှင့်တကွ ထုတ်ပြန်ထားသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံးမှ အမိန့်အမှတ် ၃၃/၂၀၁၆ ရက်စွဲပါ အမိန့်ကြော်ငြာချက်အရ လွတ်မြောက်ခြင်းဖြစ်ကြောင်း သိရသည်။


ပြည်မြို့ အကျဉ်းထောင်မှ လွတ်မြောက်လာသည့် နိုင်ငံရေး အကျဉ်းသားများမှာ ကိုဝင်းလှိုင်(ပုဒ်မ ၅၀၅-ခ၊ပုဒ်မ၁၈/၁၉ တို့ဖြင့် ထောင်(၃)နှစ်နှင့်(၈)လ )၊ ကိုကျော်ဆွေ (ပုဒ်မ၁၈ နှစ်မှု ၁၉ တစ်မှုတို့ဖြင့် ထောင်ဒဏ် ၁၀ လ)၊ ကိုမျိုးနိုင် ပုဒ်မ(၁၈)နှစ်မှုဖြင့် ထောင်ဒဏ်(၆)လ၊ သန်းထွန်းဇော် ပုဒ်မ(၁၈)ဖြင့် ထောင်ဒဏ်(၃)လ၊ကိုဇော်လေး(ပုဒ်မ ၁၈ ဖြင့်ထောင်ဒဏ် ၃ လ) ၊ ကိုဝင်းလှိုင်ထွန်း ပုဒ်မ(၁၈)ဖြင့် ထောင်ဒဏ်(၃)လ ကျခံနေရသူများဖြစ်ကြောင်း သိရသည်။

လွတ်မြောက်သူများထဲမှ ကိုကျော်ဆွေနှင့် ကိုဝင်းလှိုင်တို့ နှစ်ဦးမှာ လက်ရှိတရားရုံးတွင် ရင်ဆိုင်နေရသော အမှုများအပြင် မစွဲဆိုရသေးသော အမှုများလည်း ရှိသေးပြီး ယင်းအမှုများကို လည်း ပယ်ဖျက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်ကို ဆွဲထားတဲ့အမှုက (၄)မှုရှိပါသေးတယ်။ ပြီးတော့ ကျွန်တော့်ကို မဆွဲရသေးတဲ့ အမှုတစ်မှုနဲ့ဆို (၅)မှု ရှိပါတယ်။ အဲဒီအမှုတွေအားလုံးကို (၂၁)ရက်နေ့မှာ အဲဒီအမှုတွေအားလုံးကို ဖျက်သိမ်းပေးဖို့ သူတို့က ပြောပါတယ်”ဟု လွတ်မြောက်လာသူ ကိုကျော်ဆွေက ပြောသည်။

“အမှု လေးမှု ကျန်ခဲ့တယ်။ အဲဒါ (၂၁)ရက်နေ့မှာ ရုံးတက်ရဦးမယ်။ အစိုးရသစ်ကို ပြောရရင် အခုလက်တွေ့ပဲ ကြည့်လေ။ နိုင်ငံရေး အကျဉ်းသားတွေကို သူတို့အနေနဲ့ လွှတ်ပေးချင်တာအရမ်းပဲ။ စိတ်ထဲမှာ ရွစိရွစိကို ဖြစ်နေတာ။ဒါပေမယ့် ၂၀၀၈ ဖွဲ့စည်းပုံအရ ဘာမှလုပ်မရဘူး။ အဲဒါကို အစိုးရသစ်အနေနဲ့လည်းသိနေလောက်ပါပြီ။ ဒါကြောင့်မို့ အစိုးရသစ်အနေနဲ့ ၂၀၀၈ ကာလုံဥပဒေကို ပြင်ဖို့ကောင်းပါတယ်။ ကာလုံ ဥပဒေအရ သူတို့က(၆)ယောက် အစိုးရသစ်အဖွဲ့က(၅)ယောက်ဆိုတော့ မဲပေးရင် အလိုလိုကို ရှုံးပြီးသားဖြစ်နေတယ်။ ကျွန်တော်တို့အနေနဲ့ကတော့ ဒီအစိုးရကို ယုံတယ်ဗျ။ပြည်သူအတွက် အလုပ်လုပ်မှာ ဒါပေမယ့် လုပ်လို့ရမလား လုပ်လို့မရဘူးလားဆိုတာ ၂၀၀၈ ဖွဲ့စည်းပုံနဲ့ မူတည်တော့မှာ။ ဒါကြောင့်မို့ ကျွန်တော်တို့က အစိုးရ အလုပ်လုပ်လို့ရအောင်လို့ အစိုးရကိုလည်း ပြည်သူတွေအနေနဲ့ ယုံကြည်မှုရအောင်လို့ ရတဲ့နည်းနဲ့ အစားထိုး ပြုပြင်ပေးဖို့လိုပါတယ်”ဟု ပုဒ်မ ၅၀၅-ခ အပါအ၀င် အခြားသော ပုဒ်မ(၁၈/၁၉)တို့ဖြင့် ထောင်ဒဏ်ကျခံနေရာမှ လွတ်မြောက်လာသူ ကိုဝင်းလှိုင်ကပြောသည်။

ပြည်မြို့တွင် ပြစ်ဒဏ်ဆွဲဆိုခံထားရပြီး ပြစ်ဒဏ်ကျခံခြင်းမရှိသေးသည့် နိုင်ငံရေး တက်ကြွလှုပ်ရှားသူ များအားလည်း ပြစ်ဒဏ်များ ရုပ်သိမ်းပေးရန် တရားရုံးသို့ ချိန်းဆိုထားခြင်းများရှိကြောင်းလည်း သိရသည်။

ကိုလေး(ပြည်)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
ပြည်အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား (၆) ဦး လွတ်မြောက်  ပြည်အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား (၆) ဦး လွတ်မြောက် Reviewed by THITHTOOLWIN on 19:17 Rating: 5
Powered by Blogger.