ဘုရားဖူးကား တံတားဘောင်နှင့်တိုက်မိ ၉ ဦး သေဆုံး ၁၁ ဦးဒဏ်ရာပြင်း


 ဘုရားဖူးကားတစ်စီး ကားလမ်းတံတားဘောင်ကို ဝင်တိုက်ပြီး လမ်းဘေး ထိုးကျကာ လူများသေဆုံး

သထုံ ဧပြီ ၁၃

မွန်ပြည်နယ် သထုံမြို့နယ် ဇရစ်ချောင်ကျေးရွာ ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်တွင် ဧပြီလ ၁၂ ရက်(သင်္ကြန်အကြိုနေ့) ညနေ ၄ နာရီခွဲ အချိန်ခန့်က ဘုရားဖူးယာဉ်တစ်စီး ကားလမ်း တံတား ဘောင်အား ဝင်ရောက်တိုက်မိပြီး လမ်းဘေးထိုးကျကာ ယာဉ်ပေါ်ပါသူများအနက် ၉ ဦး သေဆုံးပြီး ကျန်သူများ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း သိရသည်။


"တံတားဘောင်ကို အရှိန်နဲ့တိုက်မိပြီး လမ်းဘေးထိုးကျသွားတာ။ ၆ ယောက်ကတော့ နေရာတင် သေတယ် ကျန်သူတွေကို သထုံဆေးရုံပို့တော့ လမ်းမှာတင် တစ်ဦးဆုံးပြီး ဆေးရုံမှာ နှစ်ဦး ထပ်ဆုံးတယ်။ ပေါင်း ၉ ဦးရှိပြီ။ ကျန်သူ ၁၁ ဦးကလည်း ဒဏ်ရာပြင်းတော့ အရေးပေါ်ကားနဲ့ ရန်ကုန်ကို တင်သွားကြပြီ" ဟု သထုံမြို့မစခန်းမှူး ဒုရဲမှူးထွန်းသိန်းက ပြောသည်။


ဖြစ်စဉ်မှာ သထုံဘက်မှ ရန်ကုန်ဘက်သို့ ယာဉ်မောင်း ဦးဝဏ္ဏစိုး (၄၃)နှစ် ရွှေပေါက္ကံအနောက်ပိုင်း မြောက်ဥက္က လာပမြို့နယ်တွင်နေထိုင် သူ မောင်းနှင်လာသည့် ယာဉ်အမှတ် YGN/5830 အဖြူရောင် CANTER အမျိုးအစား ဘုရားဖူးယာဉ်သည် ဇရစ်ချောင်ကျေးရွာ သထုံ-ရန်ကုန်ကားလမ်း မိုင်တိုင်အ မှတ် (၁၄၃/၀) နှင့် (၁၄၃/၁) အကြားရှိ တံတားအမှတ် (၁/၁၄၄)၏ ညာဖက်ဘောင်အား အရှိန်လွန် တိုက်မိပြီး လမ်းဘေးထိုးကျ တိမ်းမှောက်ရာ ယာဉ်ပေါ်ပါသူများ သေဆုံးပြီး ဒဏ်ရာအပြင်း အထန် ရရှိခဲ့ကြကြောင်း ရဲမှတ်တမ်းအရ သိရသည်။

အဆိုပါဖြစ်စဉ်တွင် ယာဉ်မောင်းဖြစ်သူ ဦးဝဏ္ဏစိုးမှာလည်း ဒဏ်ရာပြင်းထန်စွာ ရရှိထားပြီ ၎င်းအား ယာဉ်(ပ) ၉/၂၀၁၆ ပြစ်မှုပုဒ်မ ၃၃၈/၃၀၄-က ဖြင့် သထုံမြို့မ ရဲစခန်းမှ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

သက်ဦး(သထုံ)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
ဘုရားဖူးကား တံတားဘောင်နှင့်တိုက်မိ ၉ ဦး သေဆုံး ၁၁ ဦးဒဏ်ရာပြင်း  ဘုရားဖူးကား တံတားဘောင်နှင့်တိုက်မိ ၉ ဦး သေဆုံး  ၁၁ ဦးဒဏ်ရာပြင်း Reviewed by THITHTOOLWIN on 17:26 Rating: 5
Powered by Blogger.