မင်္ဂလာဆောင်မှပြန်လာသူများလိုက်ပါလာသည့် ပဲအိတ်တင်ယာဉ်တိမ်းမှောက် သုံးဦးသေဆုံး၍ အများအပြားဒါဏ်ရာများရရှိ


ရေတာရှည် ဧပြီ

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ဆွာမြို့အနောက်ဘက်(၁ဝ)မိုင်ရှိ ဖိုးကျားဆင်စခန်း အနီး သာဂရ-ကိုးပင်ရိုးမဖြတ်ကျော်လမ်းတွင် ဧပြီ ၂၈ ရက်နေ့ နံနက်(၉)နာရီအချိန်ခန့် ပဲအိတ်နှင့် ခရီး သည်များတင်ဆောင်လာသော (၆)ဘီးဖောကားတစ်စီး ဘရိတ်ပေါက်၍တိမ်းမှောက်သွားခဲ့ရာ အမျိုးသား နှစ်ဦး၊အမျိုးသမီးတစ်ဦးသေဆုံးကာ အမျိုးသားနှင့်အမျိုးသမီး(၁၆)ဦးဒါဏ်ရာများရရှိခဲ့ပြီး အမျိုးသမီး(၆) ဦးမှာ စိုးရိမ်ရ၍ နေပြည်တော်ကုတင်(၁ဝဝဝ)ဆေးရုံကြီးသို့ ထပ်မံပို့ဆောင်ပေးခဲ့ရကြောင်းသိရသည်။

သာဂရကျေးရွာအုပ်စု၊ ငါးခုံးမချောင်း(အနောက်)ရပ်ကွက်နေ နွေးထွေးအောင်(၂၃)နှစ်၊ မောင်းနှင်သော NJP ၆င/-----(၆)ဘီးဖောကားဖြင့် လုံးရမ်းကျေးရွာမှ ပဲအိတ်များနှင့် ခရီးသည်များတင်ဆောင်၍ အနောက်မှအရှေ့သို့ ရိုးမဖြတ်ကျော်ကားလမ်းအတိုင်းမောင်းနှင်လာစဉ် မိုင်တိုင်အမှတ် ၁ဝ/၆ နှင့် ၇ ကြားအရောက်တွင် ဘရိတ်ပေါက်သွားရာမှ လမ်း၏ယာဘက်သို့တိမ်းမှောက်သွားခဲ့သည်။ ယာဉ်တိမ်း မှောက်မှုကြောင့် ယာဉ်ပေါ်တွင်စီးနင်းလိုက်ပါလာကြသူများအနက် ဦးဝင်းညွှန့်(၄၈)နှစ်၊ သဲကောကျေးရွာ နေသူမှာရရှိသည့် ဒါဏ်ရာများဖြင့်နေရာတွင်သေဆုံးသွားခဲ့သည်။

အခြားသောဒါဏ်ရာရရှိသူများအား ဆွာမြို့တိုက်နယ်ဆေးရုံသို့ သာဂရ၊ ဆွာမြို့များမှ အရေးပေါ်လူနာတင်ယာဉ်များဖြင့်ပို့ဆောင်ပေးခဲ့ရာ ဆေးရုံအရောက်တွင် ဒေါ်ငယ်(၆၅)နှစ်၊ သဲကောကျေးရွာ၊ရေတာရှည်မြို့၊ ဦးထွန်းမြင့်(၅၃)နှစ်၊ လုံးရမ်း ကျေးရွာနေသူတို့ရရှိသည့်ဒါဏ်ရာများဖြင့်ထပ်မံသေဆုံးသွားခဲ့ပြီး စိုးရိမ်ရသည့်အခြေအနေရှိသည့် သဲ ကောကျေးရွာမှ အမျိုးသမီး(၆)ဦးတို့အား နေပြည်တော်ကုတင်(၁ဝဝဝ)ဆေးရုံကြီးသို့ အရေးပေါ်ပို့ဆောင် ပေါ်ခဲ့ပြီး ကျန်လူနာများအား ဆွာတိုက်နယ်ဆေးရုံ၌အတွင်းလူနာအဖြစ်ကုသမှုပေး လျက်ရှိသည်။

''အများ ဆုံးကတော့ ရေတာရှည်မြို့အနောက်ဖက်က သဲကောရွာကလူတွေများတယ် သူတို့က လုံးရမ်းမင်္ဂလာ ဆောင်ကိုသွားပြီး ကားကြုံစီးကြတာ'' ဆွာနယ်မြေရဲစခန်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။အဆိုပါ အမှုဖြစ်စဉ်အား ဆွာနယ်မြေရဲစခန်းမှ ယာဉ်(ပ)၈/၂ဝ၁၆ ပုဒ်မ ၃ဝ၄-က/၃၃၇/၃၃၈ ဖြင့်အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်းသတင်းရရှိသည်။

ကိုလွင်(ဆွာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

မင်္ဂလာဆောင်မှပြန်လာသူများလိုက်ပါလာသည့် ပဲအိတ်တင်ယာဉ်တိမ်းမှောက် သုံးဦးသေဆုံး၍ အများအပြားဒါဏ်ရာများရရှိ  မင်္ဂလာဆောင်မှပြန်လာသူများလိုက်ပါလာသည့် ပဲအိတ်တင်ယာဉ်တိမ်းမှောက် သုံးဦးသေဆုံး၍ အများအပြားဒါဏ်ရာများရရှိ Reviewed by THITHTOOLWIN on 06:47 Rating: 5
Powered by Blogger.