ဝေါမြို့နယ်ရှိ သောက်ရေပြတ်လပ်မှု အဆိုးဝါးဆုံး ကြုံတွေ့နေရသော ကျေးရွာ ၂ ရွာ ရေအလှူရှင်များ လိုအပ်နေ


ပဲခူးခရိုင် ဝေါမြို့နယ်ရှိ သောက်ရေပြတ်လပ်မှု ကြုံတွေ့နေရသော ကျေးရွာ ၂ ရွာသို့ ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာနမှ သောက်ရေပေးပို့ လှူဒါန်းမှုရှိနေသော်လည်း သောက်သုံးရေ လောက်ငှမှုမရှိသဖြင့် ပြင်ပ ရေအလှူရှင်များ လိုအပ်လျက်ရှိကြောင်း ဒေသခံများထံမှ သိရှိရသည်။

ဝေါမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာနှင့် ဖိုးစိန္တာစုကျေးရွာတွင် ရှိသော သောက်ရေကန်များမှာ မတ်လမှစတင်၍ ခန်းခြောက်နေခြင်း ဖြစ်သည့်အပြင် တုံကင်ရေတွင်းများမှလည်း ရေငန်သာ ထွက်သဖြင့် ကျေးရွာသားများမှာ သောက်ရေအတွက် အခက်အခဲဖြစ်ပေါ်နေကြောင်း သိရသည်။

“ရွာမှာ သောက်ရေကန် ၄ ကန်ရှိတာ ၃ ကန်က ခန်းသွားပါတယ်။ တစ်ကန်က ရေမကောင်းလို့ သောက်လို့မရ ပါဘူး။ ကျေးလက်ဦးစီးဌာနကတော့ တစ်အိမ်ထောင်ကို တစ်နေ့ ကော်ပုံးတစ်ပုံးပဲ ပေးတာကြောင့် ရေမလုံ လောက်ပါဘူး။ ရွာလမ်းလည်း ကောင်းနေတဲ့အတွက် ရေအလှူရှင်တွေကို ဖိတ်ခေါ်ပါတယ်” ဟု ဝေါမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာမှ ဦးထွန်းကြည်က ပြောသည်။

ဝေါမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သောက်သုံးရေ ပြတ်လပ်မှုဖြစ်ပေါ်နေသော ကျေးရွာ ၈ ခုအား အလှည့်ကျစနစ်ဖြင့် ရေပေးပို့နေပြီး ရွာတစ်ရွာလျှင် သုံးရက်ခြားတစ်ကြိမ် ကားဖြင့်လိုက်လံပို့ဆောင် ပေးဝေလျက်ရှိကာ သောက်ရေပြတ်လပ်မှု ဆိုးဝါးလျက်ရှိသော ကျေးရွာနှစ်ရွာကို သောက်ရေ နေ့စဉ်ပို့ပေးနေကြောင်း သိရသည်။

“နေ့စဉ် သောက်ရေပြတ်လပ်နေတဲ့ ရွာတွေကို ကားနဲ့ပို့ပေးနေပါတယ်။ ဝေါမြို့နယ်ထဲမှာတော့ ကျေးရွာနှစ်ရွာက အခြေအနေ ဆိုးပါတယ်။ ကျွန်တော်တို့ကတော့ နေ့စဉ်ရေပို့ပေးပါတယ်။ အခြားရွာတွေကိုလည်း အလှည့်ကျပို့ ပေးပါတယ်။ ရှေ့လဆိုရင် သောက်ရေပြတ်လပ်မှု ဖြစ်ပေါ်မယ့်ရွာတွေ ပိုများပြားလာမှာပါ” ဟု ဝေါမြို့နယ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဦးစီးမှူး ဦးခင်မောင်အေးက ပြောသည်။

ဝေါမြို့နယ်တွင် သောက်ရေပြတ်လပ်မှု ကြုံတွေ့နေသော စွန်းကျေးရွာ၊ အဗျားထမင်းဆိုင်ကျေးရွာ၊ အင်းတိုင်စု ကျေးရွာ၊ စိုင်တီစုကျေးရွာ၊ ပုဂံကျေးရွာ၊ ချောင်းရိုးကျေးရွာအတွင်းရှိ သောက်ရေကန်များမှာ ခန်းခြောက်နေသဖြင့် အနည်းငယ်သာ သုံးစွဲနိုင်ကြောင်း သိရသည်။

ဧပြီလအတွင်း သောက်သုံးရေ ပြတ်လပ်မှုကို အဆိုးရွားဆုံး ကြုံတွေ့နေရသည့် ကျေးရွာနှစ်ရွာမှာ ဇီးဖြူကုန်းကျေးရွာ၊ ဖိုးစိန္တာစုကျေးရွာတို့ဖြစ်ပြီး အဆိုပါကျေးရွာ နှစ်ရွာမှာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပို့ဆောင်ပေးသောရေဖြင့် မလုံလောက်သောကြောင့် အရပ်ဘက် အဖွဲ့အစည်းများမှ လှူဒါန်းမည့် ရေအလှူရှင်များ လိုအပ်နေကြောင်း သိရသည်။

MMK
The Ladies News
https://www.facebook.com/News.TheLadies
ဝေါမြို့နယ်ရှိ သောက်ရေပြတ်လပ်မှု အဆိုးဝါးဆုံး ကြုံတွေ့နေရသော ကျေးရွာ ၂ ရွာ ရေအလှူရှင်များ လိုအပ်နေ ဝေါမြို့နယ်ရှိ သောက်ရေပြတ်လပ်မှု အဆိုးဝါးဆုံး ကြုံတွေ့နေရသော ကျေးရွာ ၂ ရွာ ရေအလှူရှင်များ လိုအပ်နေ Reviewed by THITHTOOLWIN on 11:55 Rating: 5
Powered by Blogger.