ကန်စစ်သင်္ဘောနားကို ရုရှား စစ်လေယာဉ်တွေ ဖြတ်မောင်း

ရုရှားနိုင်ငံထုတ် Sukhoi SU-24 စစ်လေယာဉ် အမျိုးအစား (Credit: AFP) 
Baltic ​ပင်လယ်ပြင်မှာ ​ခုတ်မောင်းနေတဲ့ ​အမေရိကန် ​စစ်သင်္ဘော ​အနားကို ​ရုရှား ​စစ်လေယာဉ် ​နှစ်စင်းက ​ရန်စတဲ့အနေနဲ့ ​ဖြတ်မောင်း ​ပျံသန်းခဲ့တယ်လို့ ​အမေရိကန် ​အစိုးရ ​အရာရှိ ​တစ်ဦးက ​ပြောပါတယ်။

ရုရှားရဲ့ ​လုပ်ရပ်တွေထဲမှာ ​ဒီတချီကတော့ ​ရန်အစဆုံး ​လုပ်ရပ်ပဲ ​ဖြစ်တယ်လို့လည်း ​ပြောလိုက်ပါတယ်။

အမေရိကန် ​စစ်သင်္ဘောက ​နိုင်ငံတကာ ​ရေပိုင်နက်ထဲ ​ဖြတ်မောင်းနေတုန်း ​ရုရှားဘက်က ​ရန်စလာတာ ​ဖြစ်ပြီး ​ဒီလုပ်ရပ်အပေါ် ​စိုးရိမ်မကင်းမှု ​ဖြစ်ရတယ်လို့ ​အမေရိကန် ​အိမ်ဖြူတော်က ​ပြောဆိုလိုက်ပါတယ်။

အမေရိကန် ​ကာကွယ်ရေးတပ်က ​ထုတ်ပြန်တဲ့ ​ဗီဒီယိုနဲ့ ​ဓာတ်ပုံတွေအရ ​ရုရှားနိုင်ငံက ​Sukhoi ​SU-24 ​စစ်လေယာဉ်နှစ်စင်းက ​အမေရိကန်နိုင်ငံပိုင် ​ဒုံးကျည်ဖြိုခွင်းရေး ​စစ်သင်္ဘောနားကို ​ဖြတ်မောင်းသွားတာကို ​တွေ့ရပြီး ​ဒီလုပ်ရပ်ဟာ ​လုံခြုံရေးကို ​ထိပါးနိုင်သလို ​ပရော်ဖက်ရှင်နာတွေရဲ့ ​လုပ်ရပ် ​မဟုတ်ဘူးလို့လည်း ​အမေရိကန်က ​ပြောလိုက်ပါတယ်။

ရုရှားရဲ့ ​လုပ်ရပ်ဟာ ​နိုင်ငံတကာ ​ရေပိုင်နက်နဲ့ ​ဝေဟင်မှာ ​သွားလာရမယ့် ​အကွာအဝေးကို ​လစ်လျူရှုနေတယ်လို့လည်း ​ပြောဆိုလိုက်ပါတယ်။

အဲဒီလုပ်ရပ်ကြောင့် ​မလိုအပ်ပဲ ​အမေရိကန်နဲ့ ​ရုရှားနိုင်ငံအကြား ​တင်းမာမှုတွေ ​ဖြစ်စေပြီး ​တခါတလေ ​မတော်တဆမှုတွေတောင် ​ဖြစ်သွားစေနိုင်တယ်လို့ ​ဝေဖန်လိုက်ပါတယ်။

အဲဒီလေယာဉ်တွေဟာ ​နီးကပ်စွာ ​ဖြတ်သန်းလွန်းလို့ ​ရေပြင်မှာတောင် ​လှုပ်ခတ်မှုတွေ ​ဖြစ်ရသလို ​အဲဒီမတိုင်ခင် ​တစ်ရက် ​အလိုမှာလည်း ​အလားတူ ​လုပ်ရပ်မျိုး ​လုပ်ခဲ့တယ်လို့ ​ဆိုပါတယ်။

နောက်တခါ ​ရုရှားပိုင် ​KA-27 ​Helix ​ရဟတ်ယာဉ် ​တစ်စင်းဟာလည်း ​USS ​Donald ​Cook ​အနားကို ​၇ ​ကြိမ်တောင် ​ဖြတ်မောင်းသွားတာမျိုး ​လုပ်ခဲ့တယ်လို့ ​အမေရိကန်ဘက်က ​ပြောပါတယ်။

အမေရိကန်ဘက်က ​ရေဒီယိုနဲ့ ​ဆက်သွယ်ဖို့ ​ကြိုးစားပေမယ့် ​ရုရှားဖက်က ​အဆက်အသွယ် ​ပြန်မလုပ်ဘူးလို့လည်း ​ပြောပါတယ်။

ပင်လယ်ပြင်မှာ ​အမေရိကန်နဲ့ ​ရုရှားတို့ ​ထိပ်တိုက်ရင်ဆိုင်မှုကို ​ရှောင်ရှားဖို့ ​၁၉၇၂ ​ခုနှစ်ကတည်းက ​သဘောတူ ​လက်မှတ်ရေးထိုးကြပေမယ့် ​စစ်အေးကာလ ​တင်းမာမှုတွေက ​ပြန်လည်ရောက်ရှိနေပြီလား ​ဆိုပြီး ​သုံးသပ်နေကြပါတယ်။

ဥရောပ ​အရှေ့ပိုင်း ​ပင်လယ်ပြင်မှာ ​နေတိုးက ​နေရာယူမှုတွေ ​ပိုလုပ်မယ်လို့ ​ကြေညာပြီး ​မကြာခင်မှာပဲ ​အခုလို ​ဖြစ်ပေါ်တာလည်း ​ဖြစ်ပါတယ်။

Boltic ​ဒေသက ​နိုင်ငံတွေက ​ရုရှားနိုင်ငံရဲ့ ​ရန်စမှုကို ​စိုးရိမ်လို့ ​နေတိုးအနေနဲ့ ​အမြဲတမ်း ​လာရောက် ​အခြေချဖို့ ​တောင်းဆိုရာက ​နေတိုးက ​အင်အားတိုးချဲ့နေတာ ​ဖြစ်ပါတယ်။

ရုရှားကတော့ ​Baltic ​ဒေသနိုင်ငံတွေကို ​တိုက်ခိုက်ဖို့ ​စိတ်မကူးဘူးလို့ ​တုန့်ပြန်ထားပါတယ်။

By North America correspondent Michael Vincent, wires
ABC Radio Australia
http://www.radioaustralia.net.au/burmese
ကန်စစ်သင်္ဘောနားကို ရုရှား စစ်လေယာဉ်တွေ ဖြတ်မောင်း  ကန်စစ်သင်္ဘောနားကို ရုရှား စစ်လေယာဉ်တွေ ဖြတ်မောင်း Reviewed by THITHTOOLWIN on 08:46 Rating: 5
Powered by Blogger.