မုံရွာ ကြက်ငှက်တုပ်ကွေး သတင်းကြောင့် မန္တလေးတွင် ကြက်သားစားမည်သူ မရှိသလောက်နည်းပါးကာ ကြက်ဈေးကွက် ပျက်မလို ဖြစ်နေ


မန္တလေး ဧပြီ ၂၀

သင်္ကြန်ကာလအတွင်း မန္တလေးတိုင်းဒေသကြီး မုံရွာကြက်မွေးမြူရေးဇုန်အတွင်း ဖြစ်ပွားခဲ့သည့် ကြက်ငှက်တုပ်ကွေးရောဂါ သတင်းကြောင့် မန္တလေးမြို့ပေါ်ရှိ ဈေးများတွင် ကြက်သားဝယ်ယူစားသုံးမှု မရှိသလောက် နည်းပါးကာ ကြက်ဈေးကွက် ပျက်သလောက်ဖြစ်နေပြီး အခြားသားငါးဈေးနူန်းများ မြင့်တက်နေကြောင်း သိရသည်။

“မုံရွာမှာကြက်ပြသနာတက်တော့ ကြက်သားစားမယ့်သူမရှိသလောက်ဖြစ်သွားတယ်၊ တစ်ခြားအသားငါးတွေ ဘက်လှည့်လာတော့ အဲဒါတွေ နည်းနည်း ဈေးတက်သွားတယ်၊ ကြက်သားကတော့ အခုထိဝယ်သူနည်းပါတယ်” ဟု ဧရာထွန်းဈေးမှအသားမျိုးစုံရောင်းချသူကိုမောင်အေးကပြောသည်။


ကြက်သားဈေးကွက် အရောင်းအ၀ယ်မရှိသလောက်ဖြစ်နေသော်လည်း သင်္ကြန်ပွဲတော်ကာလအတွင်း ဈေးနှုန်းမြင့်တက်ခဲ့သည့် ကုန်စိမ်းဈေးကွက်မှာမှု ယခုအခါတွင် ပုံမှန်ပြန်ဖြစ်လာနေပြီဖြစ်ကြောင်းသိရသည်။

“နှစ်ဆန်းတစ်ရက်နေ့အထိအရောင်းကျခဲ့တာပါ၊ စားသောက်ဆိုင်တော်တော်များများကပိတ်ထားတော့ ဟင်းသီးဟင်းရွက်အရောင်းကျတာပေါ့၊ အရောင်းကျတော့ဈေးနည်းနည်းပါးပါးစွဲတင်ရတယ်လေ၊ အခုကတော့ပုံမှန်ဖြစ်နေပါပြီ၊ အရောင်းအ၀ယ်တွေလည်းပုံမှန်ပြန်ဖြစ်နေကြပါပြီ” ဟု ကုန်စိမ်း ရောင်းချသူဒေါ်အေးလှကပြောသည်။

ဟင်းသီးဟင်းရွက်အသီးအနှံများအနက် ပန်းဂေါ်ဖီနှင့်မုန်လာဥများ ဈေးနှုန်းအများကြီးမြင့်တက်ခဲ့ ကြောင်းသိရပြီး ကုန်ခြောက်ဈေးနှုန်းကတော့ ပုံမှန် အနေအထားသာဖြစ်ကြောင်း သိရသည်။

ကျော်ထွေး
china.com Myanmar
https://www.facebook.com/china.com.mm/
မုံရွာ ကြက်ငှက်တုပ်ကွေး သတင်းကြောင့် မန္တလေးတွင် ကြက်သားစားမည်သူ မရှိသလောက်နည်းပါးကာ ကြက်ဈေးကွက် ပျက်မလို ဖြစ်နေ  မုံရွာ ကြက်ငှက်တုပ်ကွေး သတင်းကြောင့် မန္တလေးတွင် ကြက်သားစားမည်သူ မရှိသလောက်နည်းပါးကာ ကြက်ဈေးကွက် ပျက်မလို ဖြစ်နေ Reviewed by THITHTOOLWIN on 15:43 Rating: 5
Powered by Blogger.