မှတ်ပုံတင်ထားခြင်း မရှိသည့် ပိုးသတ်ဆေးနှင့် ဓာတ်မြေသြဇာ တင်သွင်းရောင်းချသူ များအား အရေးယူမည်


ရန်ကုန် ၊ ၂၅-၄-၂၀၁၆

ပိုးသတ်ဆေးနှင့် ဓာတ်မြေသြဇာများ တင်သွင်းမည် ဆိုပါက မြေသြဇာ ကော်မတီ နှင့် ပိုးသတ်ဆေး ကော်မတီများတွင် တင်သွင်းမည့် အမှတ်တံဆိပ် များကို တရားဝင် မှတ်ပုံတင် ရမည်ဖြစ်ပြီး မှတ်ပုံတင် ထားခြင်း မရှိသည့် ပိုးသတ်ဆေး နှင့် ဓာတ်မြေသြဇာ တင်သွင်း ရောင်းချသူ များအား ထိရောက်စွာ အရေးယူမည် ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနက သတိပေးချက် ထုတ်ပြန် ထားသည်။

လက်ရှိတွင် ကုမ္ပဏီ တချို့သည် မှတ်ပုံတင်ထားခြင်း မရှိဘဲ ပိုးသတ်ဆေးနှင့် ဓာတ်မြေသြဇာ ရောင်းချမှုများ ရှိနေပြီး မှတ်ပုံတင်ခြင်း မရှိဘဲ ရောင်းချနေသည့် အမှတ်တံဆိပ် များကို ထုတ်ပြန် ကြေညာရန် ပညာပေးကာလ အဖြစ် ခြောက်လခန့် သတ်မှတ် ထားကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနမှ သိရသည်။

ထို့ပြင် မှတ်ပုံတင် ထားသော်လည်း ဓာတ်မြေသြဇာ ဥပဒေပုဒ်မ ၃၁ နှင့် ပိုးသတ်ဆေး ဥပဒေပုဒ်မ ၃၄ တို့အရ အညွှန်းစာများကို တောင်သူများ နားလည်ရန် မြန်မာဘာသာဖြင့် ဖော်ပြခြင်း မရှိဘဲ မူရင်း နိုင်ငံခြားဘာသာ များဖြင့် ဖော်ပြသည့် ပိုးသတ်ဆေးနှင့် ဓာတ်မြေသြဇာ များကိုလည်း မှတ်ပုံတင် ထားခြင်းမှ ရုပ်သိမ်းသွားမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ခရိုင်နှင့် မြို့နယ်အလိုက် စစ်ဆေးရေး အဖွဲ့များက ပိုးသတ်ဆေး နှင့် ဓာတ်မြေသြဇာ အရောင်းဆိုင် များကို လစဉ် သို့မဟုတ် သုံးလတစ်ကြိမ် ခန့် စစ်ဆေးနေပြီး ပညာပေးကာလ ကျော်လွန် ပါက အရေးယူ သွားမည် ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန မြေအသုံးချရေး ဌာနခွဲမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

PyiChitThar
http://www.pyichitthar.com
မှတ်ပုံတင်ထားခြင်း မရှိသည့် ပိုးသတ်ဆေးနှင့် ဓာတ်မြေသြဇာ တင်သွင်းရောင်းချသူ များအား အရေးယူမည်  မှတ်ပုံတင်ထားခြင်း မရှိသည့် ပိုးသတ်ဆေးနှင့် ဓာတ်မြေသြဇာ တင်သွင်းရောင်းချသူ များအား အရေးယူမည် Reviewed by THITHTOOLWIN on 15:43 Rating: 5
Powered by Blogger.