နိုင်ကျဉ်းသား လွတ်မယ် ဆိုတဲ့ သတင်းကြောင့် စောင့်ဆိုင်းနေကြ

နှစ်သစ်ကူး အခါသမယမှာ နိုင်ငံရေး အကျဉ်းသားတွေ လွတ်ပေးမယ်လို့ဆို (Credit: AFP) 
နှစ်သစ်ကူး ​အခါသမယမှာ ​နိုင်ငံရေး ​အကျဉ်းသားတွေကို ​လွတ်ပေးနိုင်အောင် ​ဆောင်ရွက်မယ်လို့ ​ဒေါ်အောင်ဆန်းစုကြည်က ​ကြေညာချက် ​ထုတ်ပြန်ပြီးနောက် ​ဒီမနက်မှာတော့ ​နိုင်ငံရေး ​အကျဉ်းသား ​မိသားစုတွေ ​ထောင်ပြင်ပမှာ ​စောင့်ဆိုင်းခဲ့ကြပါတယ်။

ဒီမနက်ပိုင်းမှာ ​တွေ့ရတဲ့ ​သတင်းတွေမှာတော့ ​အကျဉ်းသား ​တချို့ ​စတင်လွတ်လာနေပြီလို့ ​ဆိုပေမယ့် ​နိုင်ငံရေး ​အကျဉ်းသားတွေ ​ပါမပါ ​မသိရသေးပါဘူး။

နိုင်ငံရေး ​အကျဉ်းသားတွေ၊ ​နိုင်ငံရေး ​တက်ကြွ ​လှုပ်ရှားသူတွေ၊ ​နိုင်ငံရေးနဲ့ ​ဆက်နွယ်ပြီး ​အမှုရင်ဆိုင်နေရသူတွေ ​အမြန်ဆုံး ​ပြန်လွတ်မြောက်နိုင်ဖို့ ​ကြိုးပမ်းသွားမယ်လို့ဆိုပြီး ​နိုင်ငံတော်၏ ​အတိုင်ပင်ခံ ​ပုဂ္ဂိုလ် ​ဆိုတဲ့ ​ရာထူးကို ​ပထမဆုံးအကြိမ် ​အသုံးပြုပြီး ​ဒေါ်အောင်ဆန်းစုကြည်က ​ကြေညာချက် ​ထုတ်ခဲ့တာ ​ဖြစ်ပါတယ်။

နိုင်ငံရေး ​အကျဉ်းသားတွေကို ​လွတ်ပေးနိုင်ဖို့ဆိုတာဟာ ​အစိုးရရဲ့ ​ဦးစားပေး ​လုပ်ငန်း ​တစ်ခုဖြစ်ပြီး ​နည်းလမ်း ​သုံးလမ်းနဲ့ ​လုပ်ဆောင်နိုင်တာကြောင့် ​အဲဒီအတိုင်း ​လုပ်သွားမယ်လို့ ​ပြောဆိုလိုက်ပါတယ်။

အဲဒါတွေကတော့ ​သမ္မတကနေ ​လွှတ်ငြိမ်းချမ်းသာခွင့် ​ပေးဖို့ ​အခွင့်အရေး ​ရှိတာတွေ၊ ​နောက်တစ်ခုကတော့ ​အမျိုးသား ​လုံခြုံရေး ​ကောင်စီ ​(ကာလုံ) ​ရဲ့ ​ထောက်ခံချက်နဲ့ ​သမ္မတက ​လွတ်ငြိမ်းချမ်းသာခွင့် ​ပေးတာအပြင် ​နောက်ဆုံး ​တစ်ခုကတော့ ​ရှေ့နေက ​တရားရုံးရဲ့ ​သဘောတူညီချက်နဲ့ ​အမှုကို ​စီရင်ချက် ​မချရင် ​ရုပ်သိမ်းပေးလိုက်တဲ့ ​နည်းကို ​အသုံးပြုသွားမယ်လို့ ​ဖော်ပြထားပါတယ်။

ကမ္ဘာ့ ​နာမည်အကြီးဆုံး ​နိုင်ငံရေး ​အကျဉ်းသားဟောင်းတစ်ဦး ​ဖြစ်ခဲ့ဖူးတဲ့ ​ဒေါ်အောင်ဆန်းစုကြည်ဟာ ​အကျဉ်းသားတွေကို ​လွတ်ငြိမ်းချမ်းသာခွင့် ​ပေးမယ့် ​ကိစ္စမှာ ​နိုင်ငံတော် ​သမ္မတအပြင် ​ရှေ့နေချုပ်နဲ့သာ ​ပြီးစီးနိုင်တဲ့ ​ဥပဒေကိုသာ ​အသုံးပြုပြီး ​စစ်တပ်ရဲ့ ​ထောက်ခံမှုကို ​လိုအပ်မယ့် ​ဥပဒေကို ​အသုံးမပြုသွားတာကို ​တွေ့နေရပါတယ်။

အခုလောလောဆယ် ​မြန်မာနိုင်ငံမှာ ​နိုင်ငံရေး ​အကျဉ်းသား ​အယောက် ​၉၀ ​လောက် ​ထောင်ချခံနေရပြီး ​နိုင်ငံရေး ​တက်ကြွလှုပ်ရှားသူ ​အယောက် ​၄၀၀ ​လောက် ​တရားရုံမှာ ​အမှုရင်ဆိုင်နေရပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
နိုင်ကျဉ်းသား လွတ်မယ် ဆိုတဲ့ သတင်းကြောင့် စောင့်ဆိုင်းနေကြ  နိုင်ကျဉ်းသား လွတ်မယ် ဆိုတဲ့ သတင်းကြောင့် စောင့်ဆိုင်းနေကြ Reviewed by THITHTOOLWIN on 11:10 Rating: 5
Powered by Blogger.