ဟိုပင်မှာ စက်သုံးဆီသိုလှောင်ကန်တွေကို မြို့ခံတွေကန့်ကွက်ဖို့ ပြင်ဆင်

(ကချင်ပြည်နယ်၊ ဟိုပင်မြို့၊ မီးရထားလမ်းနှင့် ကားလမ်းဆုံအနီး၊ မြဇေယျာရပ်ကွက်အတွင်းရှိ Asia World Company ပိုင် ဓါတ်ဆီ၊ ဒီဇယ် စက်သုံးဆီသိုလှောင်ကန် ဆောက်လုပ်နေမှုကို တွေ့ရစဉ်) ဓါတ်ပုံ - ဟိုပင် ဘိုးဘိုးကြီး (facebook)
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ဟိုပင်မြို့မှာ Asia World ကုမ္ပဏီက စက်သုံးဆီသိုလှောင်ကန် ၄ ခု ဆောက်လုပ်နေတာကို ဟိုပင်မြို့ခံတွေက လက်မှတ်ရေးထိုးကန့်ကွက်ဖို့ ပြင်ဆင်နေပါတယ်။

ဟိုပင်မြို့လယ်မှာ စက်သုံးဆီလှောင်ကန် ၄ ခု တည်ဆောက်နေတာဟာ အခုလို ပူပြင်းတဲ့ကာလမှာ မီးဘေးအန္တရယ် စိုးရိမ်ရတာကြောင့် ကန့်ကွက်တာဖြစ်တယ်လို့ ဟိုပင်မြို့မိမြို့ဖတစ်ဦးဖြစ်တဲ့ ဦးတင်ဝင်း က ပြောပါတယ်။

ပြီးခဲ့တဲ့မတ်လအတွင်းက ဟိုပင်မြို့ခံတွေ စုပေါင်းလက်မှတ်ရေးထိုးပြီး ကန့်ကွက်ကြောင်း မိုးညှင်းခရိုင် အုပ်ချုပ်ရေးမှူးထံ ပေးပို့ခဲ့ပေမယ့် ဆက်လက်ဆောက်လုပ်နေတာကြောင့် သင်္ကြန်ကာလအပြီးမှာ ထပ်မံကန့်ကွက်ဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။

စက်သုံးဆီသိုလှောင်ကန် ၄ ခု တည်ဆောက်နေတဲ့နေရာဟာ မြို့မတောင်၊ မြို့မမြောက်၊ မြသီတာ၊ မြဇေယျာစတဲ့ ဟိုပင်မြို့ရဲ့ ရပ်ကွက်ကြီး လေးခု ဆုံတဲ့နေရာမှာဖြစ်ပါတယ်။

အဲ့ဒီဆီလှောင်ကန်တွေဟာ မီးရထားဘူတာရုံနဲ့ ကားဂိတ်တွေအနီးမှာဖြစ်သလို မြို့လယ်ခေါင် လူနေအိမ်တွေနဲ့လည်း နီးကပ်တဲ့အတွက် မြို့ခံတွေက စိုးရိမ်နေကြတာဖြစ်ပါတယ်။

သိုလှောင်ကန်တစ်ခုကို ဂါလံ လေးထောင်ကျော်ဆန့်ပြီး စုစုပေါင်း ဆီလှောင်ကန် လေးခုမှာ စက်သုံးဆီဂါလံ နှစ်သောင်းဝန်းကျင် ထည့်လှောင်ဖို့ စီစဉ်ထားတာဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/RFA-Burmese
ဟိုပင်မှာ စက်သုံးဆီသိုလှောင်ကန်တွေကို မြို့ခံတွေကန့်ကွက်ဖို့ ပြင်ဆင်   ဟိုပင်မှာ စက်သုံးဆီသိုလှောင်ကန်တွေကို မြို့ခံတွေကန့်ကွက်ဖို့ ပြင်ဆင် Reviewed by THITHTOOLWIN on 18:45 Rating: 5
Powered by Blogger.