မိုးသီးဒဏ်ခံရမည်စိုး၍ မှည့်ဆေးသုံးသောအသီးများကြောင့် စားသုံးသူ ကျန်းမာရေးအတွက် စိုးရိမ်ရ


မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းတို့တွင် မိုးသီးကျရောက်ခဲ့ခြင်းကြောင့် အချို့ဒေသ၌ သီးနှံပျက်စီးဆုံးရှုံးမည်ကိုကြောက်သဖြင့် သစ်သီးအမြန်မှည့်ဆေးသုံးခြင်းသည် စားသုံးသူကျန်းမာရေးအတွက် စိုးရိမ်ရကြောင်း မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးအသင်း ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က News Watch သို့ ပြောသည်။

၎င်းဆေးတွင်ပါဝင်သော အီတိုင်လင်းဓာတ်ကြောင့် အာရုံကြောအားနည်းခြင်း၊ မှတ်ဥာဏ်ချွတ်ယွင်းခြင်း၊ လေငန်းဖြတ်ခြင်း၊ ခန္ဓာကိုယ်တပိုင်းသေခြင်း၊ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းရောဂါများ ဖြစ်နိုင်ကြောင်း ၎င်းထံမှ သိရသည်။
''အဲဒီဆေးတွေသုံးနေကြတာ ကြားတယ်။ အဲဒီဆေးကို မှည့်ဆေးလို့လည်းခေါ်ကြတယ်။ သူ့မှာ အီတိုင်လင်းဓာတ်ပါတယ်။ အသီးတွေကို အမြန်မှည့်စေတာ သရက်သီး၊ ငှက်ပျောသီးတို့မှာဆိုရင် အခွံ ခွာစားရင်တောင် အာနိသင်သက်ရောက်သေးတယ်။ အခွံခွာလို့မရတဲ့ စတော် ဘယ်ရီ၊ စပျစ်တို့ဆို ပိုဆိုးတာပေါ့''ဟု ဦးဗအုပ်ခိုင်က ပြောသည်။

လတ်တလောတွင် ၎င်းဆေးကို အများအပြားသုံးစွဲနေခြင်းကြောင့် စားသုံးသူများအနေဖြင့် သစ်သီးဝလံများ လျှော့စားသင့်ကြောင်း၊ သေချာစစ်ဆေးစားသင့်ကြောင်းနှင့် ဓာတုဆေးအသုံးများခြင်းကြောင့် လက်ရှိဥပဒေကိုပြင်သင့်ကြောင်း ၎င်းက ပြောသည်။
''မန္တလေးတိုင်းဘက်မှာ မိုးသီးကျသွားပြီဆိုတော့ စိုးရိမ်ပြီး ဆေးတွေဖျန်းနေရတာပေါ့။ အစကတော့ ဒီနယ်ဘက် မှာ အပြာပတ်၊ အနီပတ်လို့ခေါ်တဲ့ဆေးတွေ သုံးကြတယ်။ အခုတော့ ပေါ်ပြူလာကို တရွာလုံးသုံးနေကြတာ။ အရင်ဆေးက တပတ်နေမှမှည့်တာ။ အခုဟာက နှစ်ရက်လောက်ဆို မှည့်တယ်''ဟု ရမည်းသင်းဒေသမှ စပျစ်စိုက်သူတဦးက ပြောသည်။

အဆိုပါဆေးကို တောင်သူတော် တော်များများ သုံးနေကြပြီး ၎င်းဆေးသည် အနံ့ပြင်းသော်လည်း အသီးတွင် အနံ့စွဲကျန်ခြင်းမရှိသောကြောင့် လူကြိုက်များနေခြင်းနှင့် အခြားဆေးတွေထက် ရက်မြန်ကာမှည့်သောကြောင့် သုံးနေခြင်းဖြစ်ကြောင်း သိရသည်။

ကျော်ကျော်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
မိုးသီးဒဏ်ခံရမည်စိုး၍ မှည့်ဆေးသုံးသောအသီးများကြောင့် စားသုံးသူ ကျန်းမာရေးအတွက် စိုးရိမ်ရ  မိုးသီးဒဏ်ခံရမည်စိုး၍ မှည့်ဆေးသုံးသောအသီးများကြောင့် စားသုံးသူ ကျန်းမာရေးအတွက် စိုးရိမ်ရ Reviewed by THITHTOOLWIN on 19:51 Rating: 5
Powered by Blogger.