ဧရာဝတီမြစ်ရေ မြင့်တက်နေလို့ သက်ဆိုင်ရာက သတိပေး

ကချင်ပြည်နယ် ပူတာအို နဲ့ မချမ်းဘော စတဲ့ဒေသဘက်မှာ မိုးကြီးပြီးရက်ဆက်ရွာသွန်းနေ လို့ ဧရာဝတီမြစ် ရေတက်လာနေတာကို ဧပြီလ ၂၄ ရက်နေ့က တွေ့ရစဉ်။ Photo: Kyaw Myo Min/RFA
မြန်မာနိုင်ငံမြောက်ဖျား ပူတာအို၊ မချမ်းဘော၊ ဆွမ်ပရာဘွမ်စတဲ့ မြို့နယ်တွေဖက်မှာ ဒီရက်ပိုင်းအတွင်း နေ့စဉ် မိုးကြီးနေတဲ့အတွက် မေခနဲ့ မလိခ မြစ်တွေကနေတဆင့် စီးဆင်းလာတဲ့ ရေတွေကြောင့် ဧရာဝတီမြစ်ရေ ဟာ မြင့်တက်လာနေပါတယ်။

ဒီနှစ်မှာ ဧရာဝတီမြစ်ရေ အတက်စောပြီး မနှစ်ကထက် ရေအတက်အကျ မြန်နေတယ်လို့ မြစ်ကြီးနားအခြေစိုက် မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဋ္ဌာနရဲ့ ဦးစီးအရာရှိ ဦးနိုင်လင်းထွေး ကပြောပါတယ်။

အခုလို မိုးဆက်ကြီးနေရင် မြစ်ရေ ပိုပြီးမြင့်တက်လာနိုင်တာကြောင့် ဗန်းမော်၊ ကသာ၊ စစ်ကိုင်း၊ မန္တလေးစတဲ့ ဧရာဝတီမြစ်အောက်ပိုင်း မြစ်ချောင်း ကမ်းပါးနားမှာ နေထိုင်သူတွေ သတိပြုဖို့သွားလာကြဖို့ လိုအပ်ကြောင်း လည်း ပြောပါတယ်။

အထူးသဖြင့် ဧရာဝတီမြစ်အထက်ပိုင်း မေခနဲ့ မလိခမြစ်လက်တက်တွေဘက်က ဒေသတွေမှာ မိုးများလွန်းတဲ့ အတွက် ဒီနှစ်မိုးဦးပိုင်းမှာ မြစ်ရေတက်လာတာဖြစ်ပါတယ်။

ဧရာဝတီမြစ်ရေဟာ မြစ်ကြီးနားမြို့မှာ ပြီးခဲ့တဲ့ ဧပြီလ ၁၇ ရက်နေ့က စင်တင်မီတာ သုံးရာကျော်ကနေ စပြီး နောက်ရက်တွေမှာ လေးရာကျော်နဲ့ ငါးရာကျော်စသဖြင့် အတက်အကျရှိလာနေပြီး ဒီကနေ့ နေ့လည် ပိုင်းမှာတော့ စင်တင်မီတာ ခုနှစ်ရာကျော်မှာ ရောက်နေတာဖြစ်ပါတယ်။

မြစ်ကြီးနားမြို့ရဲ့ စိုးရိမ်ရေမှတ်ဟာ စင်တီမီတာ ၁၂ဝဝ ဖြစ်ပါတယ်။

ဒီအတောအတွင်း မိုးလေဝသ သတင်းတွေနဲ့ ပတ်သက်လို့ ဖြစ်သင့်တာထက်ကျော်လွန်ပြီး အထိတ်တလန့်ဖြစ်စေနိုင်တဲ့ သတင်းတွေတက်နေတဲ့အတွက် သတိရှိကြဖို့ မိုးလေဝသပညာ ရှင် ဒေါက်တာထွန်းလွင်က သူ့ရဲ့ဖေ့ဘွတ်စာမျက်နှာကနေ သတိပေးထားပါတယ်။

လက်ရှိအချိန်ဟာ မိုးကြိုကာလဖြစ်ပြီး အယ်နီညိုရဲ့ ပူပြင်းမှုကြောင့် မွန်းလွဲပိုင်းတွေမှာ အားကောင်းတဲ့ မိုးတိမ်တောင်တွေ ဖြစ်ပေါ်တတ်တာကို သတိထားဖို့လိုကြောင်းလည်း ဒေါက်တာထွန်းလွင်က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ချင်း၊ မကွေး ၊ စစ်ကိုင်း၊ မန္တလေး၊ ကချင် စတဲ့တိုင်းနဲ့ ပြည်နယ် ၅ ခုမှာ မိုးလေကြီးပြီး မိုးသီးတွေ ကြွေကျနိုင်ကြောင်းလည်း ဒေါက်တာထွန်းလွင်က သတိပေးထားပါတယ်။

ဒီနေ့မနက်ပိုင်းက စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်နဲ့ ပင်လည်ဘူးမြို့နယ်တို့မှာ လေပြင်းတိုက်ခတ်ပြီး မိုးသီးခဲ့တာကြောင့် လူတစ်ဦးသေဆုံးပြီး နေအိမ် ၃ဝဝ ကျော် အမိုးတွေပျက်စီးသွားပါတယ်။

RFA Burmese
http://www.rfa.org/burmese
ဧရာဝတီမြစ်ရေ မြင့်တက်နေလို့ သက်ဆိုင်ရာက သတိပေး  ဧရာဝတီမြစ်ရေ မြင့်တက်နေလို့ သက်ဆိုင်ရာက သတိပေး Reviewed by THITHTOOLWIN on 04:31 Rating: 5
Powered by Blogger.