န၀တပတ္တမြားကြီး ဘယ်ရောက်နေလဲ


နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့လက်ထက်တွင် မိုးကုတ်မြို့နယ် ဓာတ်တော်တောင်ဒေသ တွင်းအမှတ်(၁)၌ တူးဖော်တွေ့ရှိခဲ့သည့် န၀တပတ္တမြားကြီး ယခုအချိန်မည်သည့်နေရာ၌ ရောက်ရှိနေသည်ကို ပြည်သူများ စိတ်ဝင်စားလျက်ရှိနေသည်။ ကမ္ဘာ့အကြီးဆုံး ပတ္တမြားကြီးဟု ပြောဆိုခဲ့ကြသည့် အလေးချိန် ၅၀၄ ဒသမ ၅၀ ကာရက်ရှိ န၀တပတ္တမြားကြီး သည် နေပြည်တော်ရှိ ကျောက်မျက်ရတနာပြတိုက်၌ မရှိကြောင်း ပြတိုက်တာဝန်ရှိသူတဦးက News Watch သို့ ပြောကြားသည်။

''န . ၀ . တ ပတ္တမြားကြီးက နိုင်ငံတော်အဆင့်တန်းဝင် ရတနာဖြစ်တဲ့အတွက် လုံခြုံတဲ့နေရာမှာ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။ ကျွန်တော်တို့ဆီမှာတော့ အဲဒီပတ္တမြားကြီး မရှိပါဘူး။ ကမ္ဘာ့အကြီးဆုံး ပုလဲကြီးတော့ ရှိပါတယ်''ဟု ၎င်းက ပြောသည်။

န၀တပတ္တမြားကြီးကို ပြည်ပသို့ ခိုးထုတ်ရန် ကြံစည်သူများထံမှ ထောက်လှမ်းရေးတပ်ဖွဲ့က ပြန်လည်ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ ဖြစ်စဉ်မှာ ၁၉၉၀ ပြည့်နှစ်တွင် မန္တလေးမြို့နေ ဦးသန်းထွန်း (ခ) နေပြည်တော်သန်း ထွန်းနှင့်ဇနီး ဒေါ်စိုးစိုးထွန်း၊ မိုးကုတ်မြို့နေ ဦးလှမြင့်၊ ဦးဇော်ဝင်းတို့သည် မိုးကုတ်မြို့နယ်၊ ဓာတ်တော်တောင်ဒေသနှင့် အုန်းပင်ရေထွက်ဒေသ၊ လယ်ဦးရပ်တို့တွင် တူးဖော်ရရှိသည့် ကျောက်မျက်ရတနာများနှင့် ပတ္တမြား များအား တရားမ၀င် ပြည်ပသို့ ခိုးထုတ်ရောင်းချခြင်းနှင့်ပတ်သက်၍ ထောက်လှမ်းရေးအကူတပ်နှင့် ပူးပေါင်းစုံစမ်းဖော်ထုတ်ခဲ့သည်။

ပြည်တွင်းရှိ ကျောက်ပွဲစားအချို့ထံမှ န၀တ ပတ္တမြားကြီးအပါအ၀င် ၆၃၃၀ ကာရက်ရှိ ပတ္တမြားရိုင်းများ၊ နိုင်ငံခြားဈေးကွက်သို ပို့ထားသည့် အနက်မှ ၁၈၇၀ ဒသမ ၁၀ ကာရက်ရှိ ပတ္တမြားရိုင်းများ ရောင်းချခြင်း မပြုရသေးသည့် ၂၂၅၂၈ ဒသမ ၅၀ ကာရက်ရှိ ပတ္တမြားရိုင်းများ စုစုပေါင်း ၃၀၇၂၈ ဒသမ ၆၀ ကာရက်ရှိ ပတ္တမြားရိုင်းများနှင့် ကျောက်မျက်ရတနာ ရောင်းရငွေ ကျပ်သိန်း ၁၀၀ ကို သိမ်းဆည်းရမိသဖြင့် ဦးသန်းထွန်းပါ လေးဦးအပေါ် ၁၉၈၉ ခုနှစ် နိုင်ငံတော် စီးပွားရေးလုပ်ငန်းဥပဒေ၊ ၁၉၆၃ ခုနှစ် အများနှင့်သက်ဆိုင်သောပစ္စည်း ကာကွယ်စောင့်ရှောက်ရေး ဥပဒေ ဖြင့် မာရှယ်လောဥပဒေအရ ဖွဲ့စည်းထားသော စစ်ခုံရုံးသို့ တရားစွဲတင်ပို့ ခဲ့ကြောင်း န၀တအစိုးရလက်ထက်မှတ်တမ်းများအရ သိရှိရသည်။

''နေပြည်တော် ဦးသန်းထွန်းကတော့ ကျွန်တော်တို့ ကျောက်မျက် လောကမှာ နာမည်ကြီးပါတယ်။ အခုတော့ အသက် (၈၀)လောက်ရှိပြီး မန္တလေးမှာနေတယ်လို့ ကြားပါတယ်။ န၀တ ပတ္တမြားကြီး ဘယ်ရောက်နေ လဲဆိုတာတော့ ကျွန်တော်တို့ ကျောက်မျက်လောကသားတွေလည်း မသိကြပါဘူး''ဟု ကျောက်မျက်ရတနာကုန်သည်တဦးဖြစ်သူ ဦးလှဝင်းက ပြောသည်။

ပတ္တမြားများကို အရည်အသွေးအပေါ်လိုက်၍ ပထမတန်းစား ခိုသွေး (Pigeon Blood)၊ ဒုတိယတန်းစား ယုန်သွေး (Rabbit Blood)၊ တတိယတန်း ဘိုကြိုက် (British Blood)၊ စတုတ္ထတန်း လက်ကောက်စိ (Bracelet) နှင့် ပဉ္စမတန်းစား ကုလားငို (Indian Cry) ဟူ၍ ခွဲခြားထားလေ့ရှိပြီး န၀တပတ္တမြားကြီးမှာ ဒုတိယတန်းနှင့် တတိယတန်းကြားရှိ အမျိုးအစားမျိုးဖြစ်ကြောင်း ကျောက်မျက်ရတနာကုန်သည်များထံမှ သိရှိရသည်။

န၀တ ပတ္တမြားကြီးနှင့်ပတ်သက်၍ နေပြည်တော်ရှိ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းထံ News Watch က မေးမြန်းရာ စီမံရေးရာဦးစီးမှူးက မသိရှိကြောင်း ပြောကြားခဲ့သည်။
''ခင်ဗျားပြောတာတွေ ကျွန်တော်မသိဘူး။ ကျွန်တော်တို့ ငယ်ငယ်တုန်းကတော့ လုံခင်းဖားကန့်မှာ တန်ချိန် ၃၃၀၀ ရှိတဲ့ ကျောက်စိမ်းတုံးကြီးတွေ့တယ်လို့တော့ ကြားဖူးတယ်''ဟု ပြောသည်။

မြန်မာ့နန်းစဉ်ရတနာ ပတ္တမြားငမောက်သည် အလေးချိန် ၁၇၂ ကာရက်ရှိပြီး ပထမတန်းစား ခိုသွေးရောင် ပတ္တမြားကြီးဖြစ်သော်လည်း ယနေ့တိုင် အစရှာမရဘဲ ပျောက်ဆုံးလျက်ရှိနေသည်။ အရည်အသွေးအားဖြင့် ပတ္တမြားငမောက်ကို မမီသော်လည်း အလေးချိန်အားဖြင့် သုံးဆခွဲခန့် ကြီးမားသည့် န၀တပတ္တမြားကြီးမှာ ယခုအခါ ဘယ်ဌာနေဘယ်စခန်း၌ စံမြန်းနေသည်ကိုတော့ န၀တလက်ထက် ဗိုလ်ချုပ်ကြီးများသာ အသိဆုံး ဖြစ်မည် ထင်ပါသည်။

နန္ဒမျိုးဆောင်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
န၀တပတ္တမြားကြီး ဘယ်ရောက်နေလဲ  န၀တပတ္တမြားကြီး ဘယ်ရောက်နေလဲ Reviewed by THITHTOOLWIN on 19:54 Rating: 5
Powered by Blogger.