အီကွေဒေါငလျင် ၈၀ နီးပါးသေဆုံး

အီကွေဒေါငလျင် ကြောင့် အဆောက်အအုံများပျက်စီး
အီကွေဒေါနိုင်ငံတွင်း လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း ငလျင်ကြောင့် သေဆုံးသူအရေအတွက် ၇၇ ဦးအထိ တိုးလာ ပြီး ရာနဲ့ချီ ဒဏ်ရာရရှိပါတယ်။ အရေးပေါ်အခြေအနေဆိုင်ရာ တာဝန်ရှိသူတွေရဲ့ ညွှန်ကြားချက်တွေကို ပြည်သူတွေဘက်က လိုက်နာကြဖို့ကိုလည်း ဒုတိယသမ္မတ Jorge Glas က ပန်ကြားလိုက်ပါတယ်။

“အရေးပေါ်အခြေအနေ ဆိုင်ရာ တာဝန်ရှိသူတွေ ကြီးကြပ်ဆောင်ရွက်မှုနဲ့ အရပ်သားတွေကို ရွှေ့ပြောင်းပေးနေပြီဖြစ်ပြီး အားလုံး စနစ်တကျ လုပ်ဆောင်နေပါတယ်။ ဒီအချိန်မှာ ပြည်သူတွေနဲ့ ပြည်သူ့ ၀န်ထမ်းတွေကြား အမြင့်ဆုံးအဆင့် ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်တာကြောင့် အားလုံး စိတ်အေးအေးထားကြဖို့ တိုက်တွန်းပါတယ်။” လို့ ဒုတိယ သမ္မတက ပြောပါတယ်။

တောင်အမေရိက နိုင်ငံတခုဖြစ်တဲ့ အီကွေဒေါနိုင်ငံ ကမ်းရိုးတန်းတလျှောက်မှာ စနေနေ့က ပြင်းအား ၇ ဒသမ ၈ ရှိတဲ့ငလျင် လှုပ်ခတ်ခဲ့တယ်လို့ အမေရိကန် ဘူမိဗေဒ တိုင်းတာရေးဌာနက ပြောပါတယ်။ ကီလိုမီတာ ၁၇၀ အဝေးက မြို့တော် Quito မှာလည်း ငလျင် လှုပ်ခတ်ခဲ့ပြီး လျှပ်စစ်မီး ပြတ်တောက်မှုနဲ့ မိုဘိုင်းလ်ဖုန်း အဆက်အသွယ်တွေလည်း ပြတ်တောက်ခဲ့ပါတယ်။ မြို့တော် Quito က အဆောက်အအုံတွေ စက္ကန့် ၄၀ လောက် လှုပ်ယမ်းခဲ့ပြီး လူတွေလည်း လမ်းမပေါ် ထွက်ပြေးခဲ့ကြပါတယ်။

သမ္မတ Rafael Correa ကတော့ အီကွေဒေါကို အစောဆုံး တနင်္ဂနွေနေ့ နှောင်းပိုင်းမှ ပြန်လည် ရောက်ရှိ မယ်လို့ ခန့်မှန်းရပါတယ်။ သမ္မတဟာ ဗာတီကန် ညီလာခံတက်ရောက်ပြီး ရောမမြို့တော်မှာ ရောက်ရှိနေတာ ဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
အီကွေဒေါငလျင် ၈၀ နီးပါးသေဆုံး  အီကွေဒေါငလျင် ၈၀ နီးပါးသေဆုံး Reviewed by THITHTOOLWIN on 20:54 Rating: 5
Powered by Blogger.