ထိကပါး ရိကပါး အငှားယာဉ်စီးမလား( ပြည်သူ့အသံ)

အခုတလော အငှားယာဉ်ပေါ်မှာ မိန်းကလေးငယ်လေးတွေကို လိင်ပိုင်းဆိုင်ရာရုပ်ရှင်တွေ ဖွင့်ပြတာမျိုးတွေရှိတယ်လို့ လူမှုစာမျက်နှာတွေ မှာ တွေ့လာရပါတယ်။
လမ်းမထက်မှာ ကား ၁ဝ စီးတွေ့ရင် ငါးစီးလောက်က အငှားယာဉ်တွေများ ဖြစ်နေမလား။ အငှားယာဉ်တွေ ပေါများလွန်းလာတဲ့အခါ အငှား ယာဉ် မောင်းသူတွေ ဆိုတာ လည်း ပေါများ လာပါတယ်။ အခုမှ ကားမောင်း တတ်ခါစသူတွေပါသလို ကိုယ်ပိုင်အငှားယာဉ်မောင်း သူတွေလည်းပါ၊ ဘတ်စ်ကားမောင်းဖူးပြီး အငှားယာဉ်ပြောင်းမောင်းတဲ့သူလည်း ပါသလို နယ်ကနေလာပြီး အငှားယာဉ်မောင်းသူတွေလည်း ပါပါတယ်။ အငှား ယာဉ်မောင်းသူတွေဟာ နယ်ပယ်စုံကနေပြီး လူစုံတက်စုံများပြားလှ ပါတယ်။

အငှားယာဉ်မောင်းသူအမျိုးမျိုးဆိုတော့လည်း အငှားယာဉ်စီးသူတွေ မှာ လူအမျိုးမျိုး စိတ် အထွေထွေနဲ့ ကြုံကြရတော့တယ်။ ဘယ်သူတွေ ဘယ်လိုကြုံကြုံ အနှောင့်အယှက်ပြုမှုကို အရင်ဦးဆုံးကြုံကြရတာကတော့ အမျိုးသမီးများ ပါပဲ။ ဘယ်လို အနှောင့်အယှက် မျိုးတွေကြုံရ သလဲဆိုရင် အရင်ဦးဆုံး အသေးအဖွဲလေးက စပြောရမှာပါ။ အသေးအဖွဲလို့သာဆိုရ တယ် ကြုံရသူအမျိုးသမီးတွေမှာတော့ အသေးအဖွဲလို့ လျစ်လျူရှုထားလို့ မဖြစ်နိုင်တာမျိုးပါ။ ကျွန်မ တို့မှာ အငှားယာဉ်ရပ်နားရာနေရာလိုမျိုးလည်း သတ်မှတ်ပေးထားတဲ့ နေရာဆိုတာ မရှိသေးတော့ အငှားယာဉ်ငှားမယ်ဆို ကတည်းက ကိုယ်ရောက်နေတဲ့ နီးစပ်ရာ လမ်းဘေး နားမှာ မတ်တတ်ရပ်ပြီး အငှားယာဉ်ကို စောင့်ကြည့်ရတော့တာ။ ဒီလိုစောင့်နေတဲ့အခါများ တချို့ က ကားပဲရပ်ပေးတော့မလိုလို၊ တချို့က ခရီးသည်ကို မေးသလိုပေမယ့်လည်း သူ့မျက်လုံးနဲ့အမူအရာက မတည်ကြည်သလိုလိုလည်း ထင်ရတာရှိ တတ်ပါတယ်။ မိန်းကလေးတွေအတွက်မှာ အငှားယာဉ်နဲ့ဈေးနှုန်းညှိဖို့ မလုပ်ခင်မှာ ဒီလူတစ်ယောက်မောင်းတဲ့ အငှားယာဉ်ပေါ်ကို လိုက်သွား သင့်ရဲ့လားဆိုတာကို ကိုယ့်အပေါ်မေးမြန်းလာတဲ့ သူ့အမူအရာ စကားတွေ ကိုကြည့်ပြီး အမြန်ဆုံးဖြတ်ရတာပါ။ ဒီလိုဆုံးဖြတ်ပြီးမှသာ ကားပေါ်ကို တက်ဝံ့တော့တာပါ။

အငှားယာဉ်တစ်စီးပေါ် ထိုင်လိုက်သွားရတာဟာ မိန်းကလေး တစ်ယောက်အတွက် ခရီး လမ်းကြောင်း အချိန်ခဏတာဆိုပေမယ့် ကံဆိုး ကံကောင်းသွားရသလိုပါ။ အငှားယာဉ်ပေါ် ထိုင်လိုက်ပြီဆိုတာနဲ့ အငှားယာဉ် မောင်းသူရဲ့ လက်ခုပ်ထဲကရေလိုပါပဲ။ သူဘယ်လို ပုံစံနဲ့မောင်းလေမလဲ။ တချို့များ မောင်းလိုက်တာ၊ ဒေါသတကြီး ကားတွေကိုကျော်ဖြတ် အနား ကကားတွေကို လှမ်းပြီးဆဲဆိုတဲ့အခါ နောက်မှာ ပါလာတာအမျိုးသမီးလား ဘာလားဆို တာလည်း လုံးဝအလေးထား ပုံ မပေါ်ပါဘူး။ တချို့ကျတော့ လည်း တမင်လေလား၊ အကျင့်လေပဲလား၊ ပုဆိုးဝတ်ထားတာမို့ ပေါင်ပေါ် အောင်လှန်တင်လို့ ဒူးပေါ်၊ ပေါင်ပေါ်နဲ့ ကားမောင်းပါတော့တယ်။ ကိုယ့်မှာ ရှေ့တည့်တည့်ကားလမ်းကိုကြည့်ရင်း မလွှဲသာ မရှောင်သာမြင်နေရတဲ့မြင်ကွင်းကို စိတ်မသက်မသာနဲ့မြင်နေရတော့တာပါ။ ဘယ်လိုမိန်းကလေးက ရော ရှင့်ပုဆိုးကြီးချထားလိုက်ပါလို့ ပြောထွက်ပါ့မလဲလေ။

ခရီးလေးနည်းနည်းရှည်ရင်တော့ မောင်းသူနဲ့စီးသူစကားစမြည်ပြော ကြဆိုကြရှိလာပါတယ်။ များသောအားဖြင့်တော့ မောင်းသူက စကားစလာ တော့တာ။ တစ်ခါတစ်ခါတော့ လည်း မောင်းသူဆီက အတွေ့အကြုံ စကားလေးတွေဝေမျှကြားရလို့ ဗဟုသုတဖြစ်ရသလို အစ်မ၊ ညီမခေါ်ပြီး ကောင်းကောင်းမွန်မွန်ပြောလာသူတွေတွေ့ရတော့လည်း စိတ်ချမ်းသာရပါ တယ်။ တချို့များကျတော့လည်း ပြောတဲ့စကားတွေကိုက ကိုယ့်ကိုအကဲစမ်း သလိုလို၊ လမ်းတွေကိုလည်း သူကချည်းပြန်မေးလို့ ကိုယ်ကလမ်းမှန်မပြော နိုင်ရင်ဘဲ မဟုတ် တဲ့နေရာတွေခေါ်သွား ခံရတော့ မလိုလို စိတ်တထင့်ထင့်နဲ့ ခရီးတစ်လျှောက် လိုက်လာရ ပါတယ်။

တချို့ကျပြန်တော့လည်း တကယ်ကို သူကလမ်းမသိ၊ ကိုယ်ကလမ်းမညွှန်တတ်ရင် လမ်းမှာ ချာလည်ချာလည်နဲ့ အချိန်တွေ မကုန်သင့်ဘဲကုန်ပြန်ပါတော့တယ်။

အခုတလော အငှားယာဉ်ပေါ်မှာ မိန်းကလေးငယ်လေးတွေကို လိင်ပိုင်းဆိုင်ရာရုပ်ရှင်တွေ ဖွင့်ပြတာမျိုးတွေရှိတယ်လို့ လူမှုစာမျက်နှာတွေ မှာ တွေ့လာရပါတယ်။ ဒီလိုကြုံရတဲ့ မိန်းကလေးတွေမှာ ဘယ်လောက် စိတ်မှာ ထိခိုက်ကြောက်ရွံ့လိုက်မလဲ။

သူမောင်းနေတဲ့ကားပေါ်ဆိုတော့ ဒေါသတကြီး ပြောဆိုလို့ ကိုယ့်ကိုကား မရပ်ပေး ဘဲ မောင်းခေါ်သွားရင်ရောလို့ တစ်ဖက် ကလည်း ပူပင်ရ၊ တစ်ဖက် ကလည်း ရှက်ဒေါသနဲ့ ခရီးတစ်ကြောင်း စာအတွင်းမှာ တော်တော့်ကို ပူပင်နေရပါလိမ့်မယ်။

ကိုယ်တိုင်လည်း တစ်ခါတလေမှာတော့ စိတ်အခန့်မသင့်စရာ တွေ့ကြုံရဖူးပါတယ်။

စကားရောဖောရောအတင်းလာလုပ်ပြီး ကိုယ်က စကားမတုံ့ပြန်တဲ့အခါ မထိတထိလိုလို သီချင်းဆိုသလိုလို ဒီလိုလည်းရှိ တတ်ပြန်ပါတယ်။ ကျွန်မတို့အမျိုးသမီးဆိုင်ရာ သင်တန်းတွေ၊ ဆွေးနွေးပွဲ တွေမှာ အမျိုးသမီးတို့ရဲ့ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ခံရမှု အကြောင်းကို သင်ကြားဆွေးနွေးကြပါတယ်။ အဲဒီမှာ လုပ်ငန်းခွင်တစ်ခုတည်းက လုပ်ဖော် ကိုင်ဖက်ချင်းဖြစ်နေရင်တောင်မှ အဲဒီအမျိုးသားရဲ့ အမျိုးသမီးအပေါ် မရိုး သားစော်ကားချင်တဲ့ အကြည့်တစ်ချက်ကလည်း လိင်မှုဆိုင်ရာနှောင့်ယှက် စော်ကားမှုမည်ပါသတဲ့။

ဒါကြောင့်မို့ နေ့စဉ်အငှားယာဉ်တွေစီးပြီးသွားနေ ကြရတဲ့ အမျိုးသမီးတွေမှာ ကိုယ့်ပိုက်ဆံ ကိုယ်ပေးပြီး လိင်မှုဆိုင်ရာစော်ကား ခံနေရတာ ကို အောင့်သက်သက်နဲ့ ခံနေကြရတယ်ဆို တာ ကိုယ်ကိုယ်တိုင်က သိနေကြပါတယ်။ ဒါပေမယ့်လည်း အကြောင်းကြောင်းကြောင့် အမျိုးသမီး တွေက မပြောရဲ ပြောမထွက်၊ မတိုင်ရဲမပြုရဲဖြစ်နေကြတာကို အခွင့် ကောင်းယူပြီး အနိုင်မကျင့်ကြပါနဲ့လို့ အမျိုးသမီးတွေရဲ့ ကိုယ်စားပြော လိုက်ချင် ပါတယ်။ အငှားယာဉ် မောင်း သူ အမျိုးသားအပေါင်း ကိုယ့်ရဲ့ခရီး သည်အမျိုးသမီးတွေကို ခရီးတစ်ကြောင်းစာမှာတော့ ဖေးမ ကူညီစောင့် ရှောက်နိုင်ကြပါစေလို့ ပြောပါရစေရှင်။

ခင်ဘုန်းသွယ်
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
ထိကပါး ရိကပါး အငှားယာဉ်စီးမလား( ပြည်သူ့အသံ)  ထိကပါး ရိကပါး အငှားယာဉ်စီးမလား( ပြည်သူ့အသံ) Reviewed by THITHTOOLWIN on 12:19 Rating: 5
Powered by Blogger.