တာချီလိတ်မြို့တွင် လူနေအိမ်(၂၉)လုံး မီးလောင်ကျွမ်းမှုဖြစ်ပွား


တာချီလိတ် ဧပြီ ၉

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်၊ အိမ်အမှတ် (၇/၆၂)နေအိမ်ရှင်ဦးအိုက်ပေါက်နေအိမ်မှစတင်၍ဧပြီ ၉ ရက်၊ည ၇ နာရီ ခန့်က စတင်မီးကူးစက်လောင်ကျွမ်းရာ လူနေအိမ် (၂၉)အိမ် မီးလောင် ဆုံးရှုံး ခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာ ဧပြီ ၉ ရက် ၊ ည ၇ နာရီ ၀န်းကျင်က တာချီလိတ်မြို့၊ မကာဟိုခမ်း ရပ်ကွက်၊ နယ်မြေ (၇)၊ အိမ်အမှတ် (၇/၆၂)၊ အိမ်ရှင် ဦးအိုက်ပေါက်၏ (၁၀)ပတ်လည်အကျယ်ရှိ သွပ်မိုး၊ ထရံကာ၊ပျဉ်ခင်းနေ အိမ်အား
အောင်အောင်သန်း ၊အသက်(၃၀)နှစ်က ဓာတ်ဆီလောင်း ၍ မီးရှို့ရာမှ မီးစတင် လောင်ကျွမ်းရာ ၀ါးထရံအိမ်(၉)လုံး၊ ပျဉ်ထောင်အိမ်(၁၅)လုံး၊ အုတ်ညှပ် အိမ်(၅)လုံး စုစုပေါင်းနေအိမ်(၂၉)လုံး မီးလောင် ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။


မီးလောင်ကျွမ်းမှုအား မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်ကိုကို ဦးဆောင်သော သန္ဓေတပ်ဖွဲ့ဝင် (၂၅) ဦး၊ အရန်မီးသတ် တပ်ဖွဲ့(၇၀) ဦးနှင့် မီးငြှိမ်းသတ်ယာဉ်(၆)စီး၊တာလေမြို့မှ မီးသတ်ယာဉ် တစ်စီး ၊ မိုင်းဖြတ်မြို့မှမီးသတ်ယာဉ်တစ်စီး၊ ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့စည်ပင်သာယာရေး မီးသတ်တပ်ဖွဲ့မှ မီးသတ်ဦးစီးမှူးဦးဆောင်သောအုပ်ချုပ်ရေးယာဉ် တစ်စီး၊ မီးသတ်ယာဉ် (၁၂)စီးနှင့်အတူ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များ၊လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နေပြည်သူများက ၀ိုင်းဝန်းငြှိမ်းသတ်ရာ ည ၈ နာရီ ၄၀ မိနစ်တွင် မီးညွှန့်ကျိုးသွားခဲ့ပြီး၊ ည၁၀ နာရီခန့်တွင် မီးလုံးဝငြိမ်းသွားခဲ့သည်။

မီးလောင်မှု ဖြစ်ပွားရာသို့ စစ်ဗျူဟာအဖွဲ့(အခြေချ)တာချီလိတ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးဇော်မင်းထွန်း ၊ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ထိန်ဝင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင် ၊ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး သိန်းထွန်းဦး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး များ နှင့် အလှူရှင်များက မီးဘေးသင့်ပြည်သူများအားမဟာမြတ်မုနိဘုန်းကြီးကျောင်းတွင် ယာယီ ကယ်ဆယ်ရေးစခန်းဖွင့်လှစ်ထားရှိကာ ထောက်ပံ့ငွေများ၊ စားသောက်ဖွယ်ရာများ၊ အသုံးအဆောင် ပစ္စည်းများ နှင့် ကျန်းမာရေးစောင့်ရှောက်ပေးခြင်းများစီစဉ်ဆောင်ရွက်ပေးလျက်ရှိပြီး၊ အဆိုပါ ဦးအိုက်ပေါက် နေအိမ်အား ဓာတ်ဆီလောင်း မီးရှို့သူ အောင်အောင်သန်း အား တာချီလိတ်မြို့မရဲစခန်းက အရေးယူဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ခရိုင်ပြန်/ဆက်
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
တာချီလိတ်မြို့တွင် လူနေအိမ်(၂၉)လုံး မီးလောင်ကျွမ်းမှုဖြစ်ပွား  တာချီလိတ်မြို့တွင် လူနေအိမ်(၂၉)လုံး မီးလောင်ကျွမ်းမှုဖြစ်ပွား Reviewed by THITHTOOLWIN on 09:07 Rating: 5
Powered by Blogger.