နိုင်ငံတော်သမ္မတ ဦးထင်ကျော်ထံ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း တယ်လီဖုန်းဆက်၍ ၀မ်းမြောက်ဂုဏ်ယူကြောင်း ပြောကြား


နေပြည်တော် ဧပြီ ၅

နိုင်ငံတော်သမ္မတ ဦးထင်ကျော်ထံ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက ယနေ့ ညနေ ၄ နာရီခွဲတွင် တယ်လီဖုန်းဆက်၍ နိုင်ငံတော်သမ္မတ တာဝန်ဝတ္တရားများကို စတင်ထမ်းဆောင်ခြင်းအတွက် ၀မ်းမြောက်ဂုဏ်ယူကြောင်းနှင့် ကုလသမဂ္ဂအနေဖြင့် မြန်မာနိုင်ငံကို ဆက်လက်ကူညီ ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မစ္စတာ ဘန်ကီမွန်းက နှစ်ပေါင်း(၅၀)ကျော်အကြာ ဒီမိုကရေစီနည်းလမ်းဖြင့် အရပ်သားအစိုးရတစ်ရပ် ရွေးကောက်တင်မြှောက်ခံရခြင်းကို ကြိုဆိုပါကြောင်း၊ မြန်မာ ပြည်သူလူထုအနေဖြင့် နိုင်ငံတော်သမ္မတကြီး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် လုပ်ဖော်ကိုင်ဖက်များအား ယုံကြည်မှုရှိသည်ကို ပြသခြင်း လည်းဖြစ်ပါကြောင်း၊ လူထု၏မျှော်မှန်းချက်လည်း များပြားပါကြောင်း၊ နိုင်ငံရေးတွင် အားလုံးပါဝင်သည့် နိုင်ငံရေး၊ ကောင်းမွန်သည့်အဖွဲ့အစည်းများ၊ ဖြစ်ထွန်း ပေါ်ပေါက်စေရန် အားပေးလိုပါကြောင်း၊ အမျိုးသားပြန်လည် ပေါင်းစည်း ရေး မူဝါဒများ အကောင်အထည်ဖော်ခြင်း၊ ပြည်သူလူထု၏ လူနေမှု အဆင့်အတန်း မြှင့်တင်ခြင်း တို့ကိုလည်း ဆောင်ရွက်ပေးနိုင်မည်ဟု မျှော်လင့်ပါကြောင်း၊ မိမိနှင့် ကုလသမဂ္ဂအနေဖြင့် မြန်မာအစိုးရအား ပံ့ပိုးကူညီမှုပေးအပ်သွားမည်ဟု အတည်ပြု ပြောကြားလိုပါကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် မိမိအနေဖြင့် မြန်မာနိုင်ငံသို့ ကြိမ်ဖန်များစွာ ရောက်ဖူးသော်လည်း မကြာတော့သောအချိန်တွင် ထပ်မံ၍ အလည်အပတ်လာရောက်ခွင့် ရရှိမည်ဟု မျှော်လင့်ပါကြောင်း၊ နိုင်ငံတော်သမ္မတကြီးနှင့် လာမည့် အာဆီယံအစည်းအဝေးများ တွင်ဖြစ်စေ၊ မြန်မာနိုင်ငံသို့ အလည်အပတ်ခရီးလာရောက်၍ဖြစ်စေ ဆောလျင်စွာ တွေ့ဆုံခွင့်ရရှိရန် မျှော်လင့်ပါကြောင်းနှင့် နိုင်ငံတော်သမ္မတကြီး တာဝန်ထမ်းဆောင် ရာတွင် အောင်မြင်မှုများရရှိစေရန် ဆုမွန်ကောင်းများ ပို့သပါကြောင်း ပြောကြားခဲ့သည်။


နိုင်ငံတော်သမ္မတ ဦးထင်ကျော်ကလည်း မိမိအား ယခုကဲ့သို့ နွေးထွေးစွာ ဂုဏ်ယူဝမ်းမြောက်ကြောင်း ဆက်သွယ်ပြောကြားသည့်အတွက် အထူးကျေးဇူးတင်ရှိပါ ကြောင်း၊ မြန်မာနိုင်ငံ၏ စိန်ခေါ်မှုများအပေါ် နားလည်သဘောပေါက်ပြီး မြန်မာနိုင်ငံ အပေါ် ကူညီပံ့ပိုးမှုများ ဆက်လက်ပြုလုပ်သွားရန် ထပ်လောင်းပြောကြားခဲ့သည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂ၏ ပံ့ပိုးကူညီမှုကို များစွာ တန်ဖိုးထားပါကြောင်း၊ ကုလသမဂ္ဂနှင့် နီးကပ်စွာ ဆက်လက်ပူးပေါင်းဆောင်ရွက် သွားမည် ဖြစ်ပါကြောင်း၊ နိုင်ငံအတွင်း တည်ငြိမ်အေးချမ်းရေး၊ လူမှုစီးပွားဖွံ့ဖြိုးတိုး တက်ရေး၊ လူ့အခွင့်အရေးတိုးမြှင့်ကာကွယ်ရေးတို့ကို ကြိုးပမ်းဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း၊ နိုင်ငံတကာမျက်နှာစာတွင် နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ထိန်းသိမ်းရေး၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး စသည့် ကိစ္စရပ်များတွင် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်ဟု သတင်းရရှိသည်။

Myanmar President Office
https://www.facebook.com/myanmarpresidentoffice.gov.mm/
နိုင်ငံတော်သမ္မတ ဦးထင်ကျော်ထံ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း တယ်လီဖုန်းဆက်၍ ၀မ်းမြောက်ဂုဏ်ယူကြောင်း ပြောကြား  နိုင်ငံတော်သမ္မတ ဦးထင်ကျော်ထံ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း တယ်လီဖုန်းဆက်၍ ၀မ်းမြောက်ဂုဏ်ယူကြောင်း ပြောကြား Reviewed by THITHTOOLWIN on 18:42 Rating: 5
Powered by Blogger.