ပေါက်တောမြို့နယ် ပိန္နဲချောင်းကျွန်းရှိ ကျေးရွာအချို့ ရေရှား၍ ဒုက္ခရောက်နေကြရပြီ


နိရဉ္စရာ၊ ဧပြီလ ၃၀ ရက်

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ် ပိန္နဲချောင်းကျွန်း ဖဒူချေ၊ အလယ်ရွာနှင့် ပတင်းကျေးရွာတို့ တွင်ရရှားပါးမှု မြင့်တက်နေပြီး ဒေသခံ ပြည်သူများ အထူး ဒုက္ခရောက်နေကြရပြီ ဖြစ်ကြောင်း သတင်းရရှိသည်။

''ကျွန်တော်တို့ ရွာမှာ ရေရှားနေတာက(၃)လ နီးပါခန့် ရှိနေပါပြီ။ ရွာမှာ ရှိတဲ့ရေတွင်း ရေကန်တွေမှာ ရေလုံးဝ မရှိတော့ဘဲ ခမ်းခြောက် ကုန်ပါပြီ။ ရေတစ်ဗူးရဖို့ အတွက် မိနစ် ၃၀ လောက်သွားရတဲ့ ဖဒူကြီးရွာကို သွားခပ် ရပါတယ်'' ဟု ဖဒူချေရွာမှ ဦးမောင်စိန်လှိုင်မှ နိရဉ္စရာသို့ ပြောသည်။


ဖဒူချေနှင့် အလယ်ရွာမှ ရွာသားများ ဖဒူကြီးရွာသို့ သွားရောက် ခပ်ယူရာတွင်လည်း ရေခပ်သူ အလွန်များသဖြင့် ရေတစ်အိုးရဖို့ တစ်ရက်လုံး အချိန်ကုန်ကြောင်း သူက ဆက်လက် ပြောကြားသည်။

ဖဒူချေကျေးရွာတွင် အိမ်ခြေ ၁၆၀ ကျော်ရှိပြီး ရေကန်တစ်ကန်သာရှိကြောင်း၊ ယခု ၎င်းကန်မှာ ရေခမ်းခြောက်သွားပြီ ဖြစ်ကြောင်း၊ တစ်ခြား ရေတွင်း များလည်း မရှိကြောင်း၊ သက်ဆိုင်ရာသို့ ရေကန်များ တိုးချဲ့ရန် နှစ်စဉ် တင်ပြတောင်းခံထားသော်လည်း လျစ်လျူရှု့ ထားကြောင်း ကျေးရွာသားများက ပြောဆိုသည်။

ရေရှားပါးမှုဒဏ်ကို အလယ်ရွာသူ ရွာသားများလည်း ခံစားနေကြ ရပြီး ဝေးလံသော ဖဒူကြီးရွာသို့ သွားရောက် ခပ်ယူနေကြရသည်။


အလယ်ရွာမှ ဒေသခံမဌေးကြည်က ''ကျွန်မရွာမှ ရေကန် ၄ ကန်ရှိတဲ့အထဲမှာ ၃ ကန်ကတော့ ရေမရှိတော့ဘူး။ တစ်ကန်မှာကတော့ နောက် ၅ ရက် ၆ ရက်လောက် ဆိုရင် ရေခမ်းတော့မှာပါ။ ကျွန်မတို့ရွာမှာက အိမ်ခြေ ၄၀၀ ကျော်လောက် ရှိပါတယ်။အခုတောင် ဖဒူကြီးကို သွားခပ်ရပါတယ်။ သောက်ရေ ကိုကျတော့ အောင်လှပြင် ရွာအထိ သွားခပ်ရပါတယ်” ဟု နိရဉ္စရာသို့ ပြောသည်။

ဖဒူကြီးရွာရှိ ရေကန်များကို အနီးအနားရှိ ကျေးရွာများမှ အားကိုးနေကြရသော်လည်း မိုးမရွာဘဲ အပူရှိန် ဆက်လက် မြင့်တက်နေပါက မကြာခင် ရေရှားပါးလာနိုင်ကြောင်း ဖဒူကြီးရွာသား တစ်ဦးက ပြောဆိုသည်။

ပိန္နဲချောင်းကျွန်းထဲမှာရှိတဲ့ ပတင်းရွာတွင်လည်း နှစ်စဉ် နှစ်တိုင်း ရေရှားပါးလျက်ရှိပြီး
ရေကန်လည်း အလုံအလောက် မရှိကြောင်း၊ မိုးကုန်ရင် တောင်ကျစမ်းရေကို အသုံးပြုရပြီး ရေပြတ်လပ်ရှားပါးနေသည်မှာ ၅ လနီးပါးကြာပြီဖြစ်ကြောင်း၊ သောက်ရေကို စက်လှေဖြင့် မိနစ် ၃၀ ခန့် သွားရသည့် လေညှင်းသာ (ခ) စုန်လီနှင်းရွာကို သွားရောက်ခပ်ယူရကြောင်း ဒေသခံဦးမောင်စိန်သန်းမှ နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။

ပတင်းကျေးရွာမှာ အိမ်ခြေ ၆၀ ကျော်ရှိပြီးတော့ ရေတွင်းတူးဖော်လျင် ဆားဝတ်သာ ထွက်ကြောင်း သိရသည်။

ပေါက်တောမြို့နယ် ပိန္နဲချောင်း ကျွန်းတွင် နှစ်စဉ်နီးပါး ရေရှားပါးနေသဖြင့် သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းများအနေဖြင့် အသေအချာ လေ့လာ ဆန်းစစ်ပြီး ရေရရှိရေးကို အထူးဦးစားပေး ဆောင်ရွက် သင့်ကြောင့် ဒေသခံ ပြည်သူများက ပြောဆိုသည်။

(ဓာတ်ပုံ- ကျော်ကျော်လင်း)
ရွှေရအောင်(တောင်ကုတ်)
Arakan State
https://www.facebook.com/NarinjaraNews
ပေါက်တောမြို့နယ် ပိန္နဲချောင်းကျွန်းရှိ ကျေးရွာအချို့ ရေရှား၍ ဒုက္ခရောက်နေကြရပြီ  ပေါက်တောမြို့နယ် ပိန္နဲချောင်းကျွန်းရှိ ကျေးရွာအချို့ ရေရှား၍ ဒုက္ခရောက်နေကြရပြီ Reviewed by THITHTOOLWIN on 10:09 Rating: 5
Powered by Blogger.