အင်းလေးကန်စပ် ဟိုတယ်ဆောက်မှု ဒေသခံရွာသားများ ကန့်ကွက်

(ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ်က အင်းလေးကန်ကို ၂ဝ၁၅ ခုနှစ် ဧပြီလ ၉ ရက်နေ့က တွေ့ရစဉ်)
ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ်က အင်းလေးကန်စပ်မှာ Naing Group ကုမ္ပဏီက ဟိုတယ်ဆောက်လုပ်နေတာကို ဒေသခံ ၃ဝ ကျော်က ဒီနေ့ ကန့်ကွက်ဆန္ဒပြကြပါတယ်။

အင်းလေးကန် ရေထွက်နဲ့ ကျွန်းမျောတွေပေါ်မှာ ဟိုတယ်ဆောက်လုပ်နေတာဖြစ်တဲ့အတွက် အင်းလေးကန်ရဲ့ ဇီဝမျိုးစိတ်တွေ၊ ငှက်တွေနေထိုင်ဖို့ နေရာတွေပျောက်ဆုံးပြီး မျိုးသုဉ်းသွားမှာကို စိုးရိမ်တဲ့အတွက် ကန့်ကွက်တာဖြစ်တယ်လို့ မိုင်းသောက်ကျေးရွာက ဒေသခံ ဦးသာယာက ပြောပါတယ်။

"အဓိက ဆန္ဒဖော်ထုတ်ရခြင်းက အင်းလေးဒေသမှာနေရှိတဲ့ ဇီဝမျိုးစိတ် ငှက်တွေက အဲ့ဒီမှာနေဖို့နေရာတွေမှာ သူတို့ အဲ့ဒီဟိုတယ်ကြီးဆောက်လို့ရှိရင် အဲ့ဒီငှက်တွေနေဖို့ နေရာရှိတော့မှာ မဟုတ်တော့ဘူး၊ ဟိုတယ်လာဆောက်လုပ် ကန့်ကွက်နေရခြင်း မဟုတ်ပါဘူးဗျ၊ သဘာဝမျိုးစိတ်တွေ ပျောက်ပျက်ပြီး ပျက်သုဉ်းသွားမှာ ကျနော်တို့ မလိုချင်လို့ပါဗျ၊ အဲ့ဒီ ဟိုတယ် ဆောက်ချင်ဆောက်ပေါ့ဗျာ၊ ကျွန်းမျှောလေးတွေ မပျက်စီးရအောင် ဘယ်လိုမျိုး ထိန်းသိမ်းပေးမလဲ ဆိုတဲ့ဥစ္စာမျိုး အဲ့လိုမျိုးဖြစ်ချင်လို့ပါဗျ"

Naing Group ကုမ္ပဏီက ဟိုတယ်ဆောက်လုပ်နေတဲ့နေရာဟာ အင်းလေးကန်အနီးမှာဖြစ်ပြီး ဆောက်လုပ်ခွင့်ရထားတဲ့ မြေဧက ၅ဝ ထက် ကျော်လွန်နေတယ်လို့ ပြောပါတယ်။

ဟိုတယ်ဆောက်တဲ့နေရာဟာ ညောင်ရွှေမြို့နယ် မိုင်းသောက်အင်းရွာနဲ့ ဖက်ပုန်းရွာတွေက အဓိကထားအသုံးပြုနေတဲ့ စိမ့်စမ်းရေထွက်ပါ ပါဝင်နေတာ ဖြစ်ပါတယ်။

ဆန္ဒပြတဲ့ ဒေသခံတွေဟာ အင်းလေးကန်ကို သနားဖို့၊ ကျွန်းမျောတွေကို ထိန်းသိမ်းဖို့၊ ဇီဝမျိုးစိတ်တွေ၊ ငှက်တွေကို မျိုးမသုန်းအောင်ကာကွယ်ဖို့နဲ့ အင်းလေးကန်စပ်မှာ ဟိုတယ်တွေ အလိုမရှိကြောင်း စာတန်းတွေ ကိုင်ဆောင်ခဲ့ကြပါတယ်။

Naing Group ကုမ္ပဏီက ပြီးခဲ့တဲ့နှစ် မေလမှာ လုပ်ငန်းစတင်ခဲ့တာဖြစ်ပြီး ဒေသခံတွေက ကန့်ကွက်နေတဲ့အတွက် လတ်တလောမှာ ရပ်နားထားတာဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/RFA-Burmese
အင်းလေးကန်စပ် ဟိုတယ်ဆောက်မှု ဒေသခံရွာသားများ ကန့်ကွက်  အင်းလေးကန်စပ် ဟိုတယ်ဆောက်မှု ဒေသခံရွာသားများ ကန့်ကွက် Reviewed by THITHTOOLWIN on 18:13 Rating: 5
Powered by Blogger.