မိုးသီးမုန်တိုင်း ကာကွယ်နေထိုင်ရေး နှိုးဆော်ချက်ထုတ်ပြန်


မိုးသီးကြွေကျခြင်း၊ မိုးကြိုးပစ်ခြင်းများနှင့်ပတ်သက်၍ ကြိုတင်ကာကွယ်ရေးအသိပေးနှိုးဆော်ခြင်း

၁။ ယခုလတ်တလောကာလများတွင် မြန်မာနိုင်ငံတ၀န်း၊ အထူးသဖြင့် မြန်မာနိုင်ငံ အထက်ပိုင်းနှင့် အလယ်ပိုင်းဒေသများတွင် မိုးတိမ်တောင်များဖြစ်ပေါ်ပြီး မိုးသည်းထန်စွာရွာသွန်းခြင်း၊ လေပြင်း တိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ မိုးသီးကြွေကျခြင်းများဖြစ်ပေါ်နိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနနှင့် ပညာရှင်များက ထုတ်ပြန်ထားပါသည်။

၂။ ယခုရက်ပိုင်းတွင်လည်း မိုးသည်းထန်စွာရွာသွန်းခြင်း၊ မိုးသီးကြွေကျခြင်း၊ လေပြင်းတိုက်ခတ် ခြင်း၊ မိုးကြိုးပစ်ခြင်းတို့ကြောင့် လူ၊ တိရိစ္ဆာန်များသေကြေပျက်စီးခြင်း၊ အဆောက်အဦများ ပျက်စီးခြင်း တို့ကြုံတွေ့နေရပါသည်။

၃။ သို့ဖြစ်ပါ၍ ပြည်သူလူထုများအနေဖြင့် ယခုလတ်တလောဖြစ်ပေါ်လျက်ရှိသော မိုးသီး ကြွေကျခြင်း၊ မိုးကြိုးပစ်ခြင်းများနှင့်ပတ်သက်၍ အောက်ပါအချက်များကို အထူးသတိပြု လိုက်နာ နေထိုင်ကြရန်လိုအပ်ပါသည်-
- တိမ်မဲလာခြင်း၊ လေပြင်းလာခြင်း၊ မိုးသည်းထန်လာခြင်း၊ မိုးခြိမ်းပြီးအတော်ကြာမှ လျှပ်ပြက် လာခြင်း၊ အပူထုထဲတွင်လေအေးများကိုခံစားရခြင်းများသည် မိုးသီးမုန်တိုင်း၏ လက္ခဏာ များဖြစ်ပါသဖြင့် ထိုကဲ့သို့ဖြစ်ပေါ်လာပါက အထူးသတိပြုနေထိုင်ပါ။
- ကျေးလက်တောရွာများတွင် လယ်ကွင်း၊ ကွင်းပြင်ထဲနေထိုင်ခြင်းမှ အတတ်နိုင်ဆုံး ရှောင်ရှားပါ။ တတ်နိုင်သမျှ အိမ်ထဲတွင်နေထိုင်ပါ။
- မဖြစ်မနေအိမ်ပြင်သို့ ထွက်ရမည်ဆိုပါက ဆိုင်ကယ်စီးဦးထုပ်ကဲ့သို့ ဦးထုပ်အမာများ ဆောင်းပါ။ အ၀တ်ထူများဝတ်ဆင်သွားပါ။ မိမိကိုယ်ကို အကာအကွယ်များပြုလုပ်သွားပါ။
- အိမ်ထဲတွင် နေထိုင်စဉ်လည်း ခိုင်ခံသည့် အမိုးအကာအောက်တွင် တတ်နိုင်သမျှနေထိုင်ပါ။ နှစ်ထပ်အိမ်များဖြစ်ပါက အိမ်အောက်ထပ်တွင်နေပါ။
- အိမ်အမိုးများကို ခိုင်ခံအောင်ပြန်လည်ပြင်ဆင်ပါ။
- အိမ်မွေးတိရစ္ဆာန်နှင့်ကျွဲနွားများအတွက်ခိုလှုံစရာစီစဉ်ပါ။ မိုးသီးကြီးများသည် တိရိစ္ဆာန်များ ကိုအသက်အန္တရာယ်အထိဖြစ်စေနိုင်ပြီး တကယ်ရွာနေချိန် မိမိတို့လည်းအပြင်မထွက်နိုင် သဖြင့်ကြိုတင်စီစဉ်ပါ။
- ယာဉ်များ၊ ပစ္စည်းများအပြင်တွင်မထားပါနှင့်။ ကားများကိုဂိုဒေါင်ထဲထည့်ပါ။ အမိုးသာ ရှိပြီးအကာမရှိသည့်အောက်တွင် ဘေးမှထိနိုင်သဖြင့်စောင်ကာပါ။ လမ်းများပေါ်တွင် ထားရပါက စောင်အုပ်ပါ။
- ပြတင်းတံခါးများအသေအချာပိတ်ထားပါ။ မပိတ်မိ၍ မိုးသီးများအရှိန်ဖြင့်ဝင်လာပါက အိမ်တွင်းပစ္စည်းများပါပျက်စီးနိုင်မည်။ လိုက်ကာများပါပိတ်ထားပါ။ ပြတင်းမှန်ကွဲခဲ့ပါက လိုက်ကာခံနေမည်။ ပြတင်းပေါက်နားရှိပရိဘောဂများကိုလည်းကြိုတင်ရွှေ့ထားပါ။
- မိုးရွာသွန်းနေစဉ်၊ မိုးခြိမ်းနေစဉ်၊ လျှပ်စီးလက်နေချိန်များတွင် ဖုန်းများကိုအသုံးမပြုသင့်ပါ။
- တီဗွီ၊ ရေဒီယို၊ လျှပ်စစ်ထမင်းအိုး၊ လျှပ်စစ်မီးပူနှင့်ကွန်ပျူတာ စသည့်လျှပ်စစ်နှင့်ဆိုင်သော ပစ္စည်းများကိုလည်း ခလုတ်ပိတ်၍ ပလပ်ဖြုတ်ထားသင့်ပါသည်။
- သစ်ပင်၊ ဓါတ်တိုင်နှင့်သံ/သတ္ထုပစ္စည်းများအနီးတွင် မနေသင့်ပါ။ လျှပ်စစ်စီးကူးလွယ်သည့်
ပစ္စည်းများနှင့်ဝေးရာတွင် နေထိုင်သင့်ပါကြောင်းနှင့် ပြည်သူလူထုအနေဖြင့် မိုးသီးကြွေကျ ခြင်းများ၊ မိုးကြိုးပစ်ခြင်းများနှင့်ပတ်သက်၍ သတိပြုလိုက်နာနေထိုင်ကြပါရန် အထူး မေတ္တာရပ်ခံ အသိပေးနှိုးဆော်အပ်ပါသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန

Relief and Resettlement Department - Myanmar
မိုးသီးမုန်တိုင်း ကာကွယ်နေထိုင်ရေး နှိုးဆော်ချက်ထုတ်ပြန်  မိုးသီးမုန်တိုင်း ကာကွယ်နေထိုင်ရေး နှိုးဆော်ချက်ထုတ်ပြန် Reviewed by THITHTOOLWIN on 16:16 Rating: 5
Powered by Blogger.