ရန်ကုန်မြို့တော် မဟာသင်္ကြန် ဗဟိုမဏ္ဍပ်ကို ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဖဲကြိုးဖြတ်ဖွင့်လှစ်

ရန်ကုန်မြို့တော် မဟာသင်္ကြန် ဗဟိုမဏ္ဍပ်ကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဖဲကြိုးဖြတ်ဖွင့်လှစ်နေစဉ် (ဓာတ်ပုံ--ဆင်ဟွာ)
    ရန်ကုန်၊ ဧပြီ ၁၂ ရက် (ဆင်ဟွာ)

    ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက  သင်္ကြန်အကြိုနေ့ နံနက် ၇နာရီခွဲအချိန်တွင် ပြည်သူပြည်သားအပေါင်းတို့ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ချမ်းသာခြင်းနှင့် ပြည့်စုံပါစေကြောင်း ဆုတောင်းစကားပြောကြားပြီးနောက် ရန်ကုန်မြို့တော်မဟာသင်္ကြန်ဗဟိုမဏ္ဍပ်ကိုဖွင့်လှစ်ခဲ့သည်။


ဦးဖြိုးမင်းသိန်းကရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြည်သူပြည်သားအပေါင်းတို့ နှစ်ဟောင်းကုန်၍ နှစ်သစ်ကူးအချိန်အခါကို မြန်မာ့ဓလေ့ထုံးစံ အစဉ်အလာ နှင့်အညီ အေးမြကြည်လင်သော မေတ္တာရေစင်ပက်ဖြန်း၍ ရိုးရာယဉ်ကျေးမှုပွဲတော် တစ်ခုကိုခြိမ့်ခြိမ့်သဲ ပျော်ရွှင်စွာဆင်နွှဲမည့် မဟာသင်္ကြန်ရေသဘင်ပွဲတော် ဖွင့်ပွဲအခမ်းအနားကြီး ပါကြောင်း ပြောကြားခဲ့သည်။



ယခုအချိန်အခါသည်  မင်္ဂလာအပေါင်း နှင့် ပြည့်စုံသည့် အချိန်အခါ ဖြစ်ကြောင်း၊  မဟာသင်္ကြန်ပွဲတော်သည် မြန်မာတို့၏ တန်ဖိုးမဖြတ်နိုင်သော ရိုးရာယဉ်ကျေးမှုပွဲတော်တစ်ခုဖြစ်သည့်အပြင် တစ်ဦးနှင့်တစ်ဦး ချစ်ကြည်ရင်းနှီးမှုပိုမိုရရှိစေနိုင်ပြီး ဓလေ့စရိုက်ကောင်းများ ဖြစ်ထွန်းစေရန် ဆိုသည့် အနှစ်သာရ နှင့် အညီ ကျင်းပသည့် အထူးလေးနက်သည့် မြန်မာ့ရိုးရာရေသဘင်ပွဲတော်ကြီးဖြစ်ကြောင်း၊  မြန်မာတို့၏ နှစ်ဟောင်းမှသည် နှစ်သစ်သို့ ကူးပြောင်းခြင်းအဓိပ္ပါယ်ဆောင်သည့် မြန်မာ့ရိုးရာယဉ်ကျေးမှု အတာသင်္ကြန်ပွဲတော်ဟာ နှစ်ဟောင်းက အမှတ်မထင်ပြုမိတဲ့ မကောင်းမှုများကို ယခုလို နှစ်သစ်ကူးသင်္ကြန်မှာ ကြည်လင်အေးမြတဲ့ သီတာရေစင်ပက်ဖြန်းပြီး တစ်ဦးနှင့်တစ်ဦး ကြည်နူးသိမ်မွေ့စွာ ပက်ဖြန်းဆေးကြောရင်း ခွင့်လွှတ်ကြတဲ့ မြန်မာ့ရိုးရာယဉ်ကျေးမှုပွဲတော်တစ်ရပ်ဖြစ်ကြောင်း ဦးဖြိုးမင်းမင်းသိန်းက ၎င်း၏နှစ်သစ်ကူး နှုတ်ခွန်းဆက်စကားတွင် ထည့်သွင်းပြောကြားခဲ့သည်။


ဦးဖြိုးမင်းသိန်းက “မြန်မာ့ရိုးရာယဉ်ကျေးမှုကိုစောင့်ရှောက်သည့် အစဉ်အလာကို ဆက်လက်ထိန်းသိမ်းရမည့်တာဝန်လည်း ရှိလာပါတယ်။  ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပြီး ယခုနှစ်အတာသင်္ကြန်သည် မြန်မာ့ရိုးရာ  အမျိုးသားရေးစိတ်ဓာတ် ပေါ်လွင်နိုင်ရေး အတွက် မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ရင်း ယဉ်ကျေးသိမ်မွေ့စွာပါဝင်ဆင်နွှဲကြပါစေကြောင်းဆုတောင်း မေတ္တာပို့သအပ်ပါတယ်’’ ဟု ပြောကြားခဲ့သည်။


ဦးဖြိုးမင်းသိန်းမှ နှုတ်ခွန်းဆက်စကားပြောကြားပြီးနောက် ရန်ကုန်မြို့တော်ဗဟိုမဏ္ဍပ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့သည်။ ထို့နောက် မြနန္ဒာ သီချင်းဖွင့် ၍ အတာသင်္ကြန်အဖွင့်အားစတင်ခဲ့သည်။ မိုးမင်းသဘင်အဖွဲ့ကလည်း ဒေါင်းတေးသရုပ်ဖော်အကဖြင့် ကပြခဲ့သည်ကို တွေ့ရသည်။ထို့အပြင် အမေများအဖွဲ့၊မမများအဖွဲ့များအပြင် ရုပ်ရှင်အနုပညာရှင်များ၊ဂီတအနုပညာရှင်များနှင့် သဘင်ပညာရှင်များကပါ လာရောက်သီဆိုဖျော်ဖြေလျက်ရှိသည်။ သီဆိုဖျော်ဖြေမှုများအပြင် သင်္ကြန်ယိမ်းအက ပြိုင်ပွဲများဆက်လက်ပြုလုပ်လျက်ရှိပြီး ရေပက်ကစားလျက်ရှိသည်။

(Xinhua)
http://www.xinhuamyanmar.com
ရန်ကုန်မြို့တော် မဟာသင်္ကြန် ဗဟိုမဏ္ဍပ်ကို ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဖဲကြိုးဖြတ်ဖွင့်လှစ်  ရန်ကုန်မြို့တော် မဟာသင်္ကြန် ဗဟိုမဏ္ဍပ်ကို ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဖဲကြိုးဖြတ်ဖွင့်လှစ် Reviewed by THITHTOOLWIN on 12:25 Rating: 5
Powered by Blogger.