နိုင်ငံတော်သမ္မတ ဦးထင်ကျော်ထံ အမေရိကန်ပြည်ထောင်စုသမ္မတ မစ္စတာ အိုဘားမား တယ်လီဖုန်းဆက်၍ ချီးကျူးဂုဏ်ပြု


နေပြည်တော် ဧပြီ ၆

နိုင်ငံတော်သမ္မတကြီးဦးဆောင်သော အစိုးရအား မြန်မာပြည်သူလူထုက အားပေး ထောက်ခံ နေသကဲ့သို့ အမေရိကန်ပြည်ထောင်စုကလည်း အားပေး ကူညီ ပံ့ပိုးပေး သွား မည်ဖြစ် ပါကြောင်း နိုင်ငံတော် သမ္မတဦးထင်ကျော်ထံ အမေရိကန်ပြည်ထောင်စုသမ္မတ မစ္စတာ အိုဘားမားက ယနေ့ ည ၉ နာရီ တွင် တယ်လီ ဖုန်း ဆက်၍ ပြောကြားခဲ့သည်။

အမေရိကန်သမ္မတ မစ္စတာ အိုဘားမားက နိုင်ငံတော်သမ္မတအဖြစ် စတင် တာဝန် ထမ်းဆောင်မှုအပေါ် အထူးပင် ဂုဏ်ယူ ဝမ်းမြောက်မိ ပါကြောင်း၊ မြန်မာနိုင်ငံ ၏ ဒီမို ကရေစီ ပြုပြင်ပြောင်းလဲမှုများမှာ သမိုင်း ဝင်ဆောင် ရွက် မှုများဖြစ်သည့်အတွက် ချီးကျူး ပါကြောင်း၊ အထင်ကြီး အားကျ ဖွယ်လည်း ဖြစ်ပါကြောင်း၊ နိုင်ငံရေးတွင် အားလုံး ပါဝင်သည့် နိုင်ငံရေး၊ သာယာ ဝပြောသော၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်သော၊ လူ့အခွင့်အရေး တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်နိုင်သော နိုင်ငံတစ်နိုင်ငံ ဖြစ်လာ စေရန်အတွက် ကြိုးပမ်း သွားရန် တိုက်တွန်းပြောကြားလိုပါကြောင်း၊ သမ္မတကြီး အနေဖြင့် မြန်မာနိုင်ငံ၏ အနာဂတ်အား ကောင်းမွန်စွာ ပုံဖော်ရန်အတွက် အခွင့် အရေး ရရှိလာသည့်အတွက် ဝမ်းမြောက်ပါကြောင်း။

မြန်မာနိုင်ငံအတွက် အမေရိကန်ပြည်ထောင်စုမှ ပံ့ပိုးကူညီနိုင်မည့် အလားအလာများကို ပွင့်လင်းစွာ အသိပေးနိုင်ပါကြောင်း၊ အမေရိကန်ပြည်ထောင်စုနှင့် မိမိအနေဖြင့်လည်း မြန်မာနိုင်ငံအား ပံ့ပိုးကူညီသွားရန် အသင့်ရှိသည်ကို အသိပေးလို ပါကြောင်း၊ မြန်မာနိုင်ငံ၏ အနာဂတ်အစီအမံများကိုလည်း ကြားသိလိုပါကြောင်း၊ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးသစ်အဖြစ် အဆိုပြုထားသူနှင့်လည်း ရင်းနှီးပွင့်လင်းစွာ အသေးစိတ် ဆွေးနွေးသွားနိုင်ပါကြောင်း၊

မိမိအနေဖြင့် နိုင်ငံခြား ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့်လည်း ဆက်သွယ်ပြောကြားရန် ရှိပါကြောင်း၊ မကြာမီ ကျရောက်တော့ မည့် မြန်မာရိုးရာ နှစ်သစ်ကူး သင်္ကြန်အခါသမယအတွက် ဆုမွန်ကောင်းများ ပို့သပါကြောင်း ပြောကြားသည်။

နိုင်ငံတော်သမ္မတ ဦးထင်ကျော်က မြန်မာပြည်သူလူထု၏ အားပေး ထောက်ခံ မှုဖြင့် ယခုကဲ့သို့ ကြီးလေးသောတာဝန်များကို ထမ်းဆောင်ရခြင်း ဖြစ် ပါကြောင်း၊ ပြည်သူ လူထု၏ အားပေးထောက်ခံမှုကို များစွာ တန်ဖိုးထား ပါကြောင်း၊ အမေရိကန်နိုင်ငံ သမ္မတကြီးနှင့် အမေရိကန်ပြည်ထောင်စု မှ မြန်မာနိုင်ငံအပေါ် ဆက်လက်၍ ပံ့ပိုးကူညီမှု များ ပြုလုပ်သွားလိမ့်မည်ဟု ယုံကြည်ပါကြောင်း၊ အမေရိကန် ပြည်ထောင်စု၏ ရင်းနှီးမြှုပ်နှံမှုများ၊ USAID အပါအဝင် အမေရိကန်ပြည်ထောင်စု၏ ကဏ္ဍအသီးသီးတွင် ပူးပေါင်းကူညီမှုများကို လိုလားပါကြောင်း၊

အမေရိကန်ပြည် ထောင်စုအပါအဝင် မိတ်ဆွေနိုင်ငံ များ၏ ပံ့ပိုး ကူညီ မှုဖြင့် မြန်မာနိုင်ငံ အနေဖြင့် မိမိတို့၏ ရည်မှန်းချက်ပန်းတိုင်ကို များမကြာမီ ရောက် ရှိ မည်ဟု မျှော်လင့်ပါကြောင်း၊ မိမိအား ယခုကဲ့ သို့ နွေးထွေး စွာဖြင့် ဂုဏ်ယူဝမ်းမြောက်ကြောင်းနှင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲ မှုများအပေါ် အားပေးထောက်ခံကြောင်း ဆက်သွယ် ပြောကြားသည့် အတွက် ကျေးဇူးအထူး တင်ရှိ ပါကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် စိန်ခေါ်မှုများနှင့် ရင်ဆိုင် တွေ့ကြုံနေရသော် လည်း ယင်းစိန်ခေါ်မှုများကို အောင်မြင်စွာ ဖြေရှင်းနိုင်လိမ့်မည်ဟု ယုံကြည် ပါကြောင်း ပြောကြားခဲ့သည်။

Myanmar President Office
https://www.facebook.com/myanmarpresidentoffice.gov.mm
နိုင်ငံတော်သမ္မတ ဦးထင်ကျော်ထံ အမေရိကန်ပြည်ထောင်စုသမ္မတ မစ္စတာ အိုဘားမား တယ်လီဖုန်းဆက်၍ ချီးကျူးဂုဏ်ပြု  နိုင်ငံတော်သမ္မတ ဦးထင်ကျော်ထံ အမေရိကန်ပြည်ထောင်စုသမ္မတ မစ္စတာ အိုဘားမား တယ်လီဖုန်းဆက်၍ ချီးကျူးဂုဏ်ပြု Reviewed by THITHTOOLWIN on 03:28 Rating: 5
Powered by Blogger.