စက်ရုံ အလုပ်ရုံနှင့် ကုမ္ပဏီလုပ်ငန်းများ အလုပ်ချိန်ပြင်ပ အချိန်ပိုဆင်းစေလိုပါက နာရီကို တိကျမှန်ကန်စွာ တင်ပြရမည်


ရန်ကုန် ဧပြီ ၇

စက်ရုံ၊ အလုပ်ရုံ၊ ကုမ္ပဏီ လုပ်ငန်းများနှင့် ပုဂ္ဂလိက လုပ်ငန်းရှင်များ အနေဖြင့် နိုင်ငံတော်က သတ်မှတ် ထားသည့် အလုပ်ချိန်ပြင်ပ အချိန်ပိုဆင်းစေလိုပါက အချိန်ပိုနာရီကို တိကျမှန်ကန်စွာ တွက်ချက်၍ အလုပ်ရုံနှင့် အလုပ်သမား ဥပဒေ စစ်ဆေးရေး ဦးစီးဌာနသို့ တင်ပြရမည်ဖြစ်ပြီး ဥပဒေပါ ပြဋ္ဌာန်းချက်ကို ဖောက်ဖျက်ပါက ဒဏ်ငွေ ငွေကျပ်သိန်း ၂ဝ ပေးဆောင်ရမည် ဖြစ်ကြောင်း အဆိုပါ ဦးစီးဌာနမှ သိရသည်။

 ''ဥပဒေပြင်ပြီး နောက်ပိုင်း ပြစ်ဒဏ်တွေကို ဂရုစိုက်ရမယ်။ အရင်က ဒဏ်ကြေးက ငွေကျပ် ၃ဝဝဝဝ လောက်ပဲ ရှိတာ။ အခု ငွေကျပ်သိန်း ၂ဝ ဖြစ်နေပြီ။ အလုပ်ရှင်တွေဘက်က အချိန်ပိုကို အတိအကျ မတင်ပြတာတွေ ရှိတယ်။ ဒါကိုလိမ်ပြီး တင်ပြလို့ အရေးယူရတာ ရှိပါတယ်''ဟု အလုပ်ရုံနှင့် အလုပ်သမား ဥပဒေ စစ်ဆေးရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသူရိန်ဝင်းက အလုပ်သမား ဥပဒေရေးရာ အသိပညာ ပေးဆွေးနွေးပွဲ၌ ပြောသည်။

 ၁၉၅၁ ခုနှစ် အလုပ်ရုံများ အက်ဥပဒေကို ၂ဝ၁၆ ခုနှစ်တွင် ပြင်ဆင်ခဲ့ပြီး ဥပဒေတွင် အလုပ်ရှင်များသည် အချိန်ပို လုပ်ကိုင်လိုလျှင် ဦးစီးဌာနသို့ ကြိုတင်ခွင့်ပြုချက် ရယူရန်၊ ဝန်ကြီးဌာနက သတ်မှတ်ထားသည့် စည်းကမ်းအတိုင်း အချိန်ပိုဆင်းစေရန်၊ အချိန်ပိုနာရီ တစ်ပတ်လျှင် ၁၂ နာရီထက် မပိုစေရန်၊ အလုပ်သမား တစ်ဦးကို တစ်ရက်လျှင် အလုပ်ချိန် ရှစ်နာရီနှင့် တစ်ပတ်လျှင် အလုပ်ချိန် ၄၈ နာရီ သတ်မှတ်ထားကြောင်း ပါရှိသည်။

 အလုပ်ရုံ မန်နေဂျာနှင့် လုပ်ငန်းပိုင်ရှင်တို့သည် ၂ဝ၁၆ ခုနှစ် အလုပ်ရုံများ အက်ဥပဒေပါ ပြဋ္ဌာန်းချက်ကို ဖောက်ဖျက်ပါက ပုဒ်မ ၈၅ အရ သုံးလထက် မပိုသော ထောင်ဒဏ်နှင့် ငွေကျပ်သိန်း ၂ဝ အောက် မနည်းသော ငွေဒဏ်ကို ပြစ်ဒဏ်ချမှတ် ခံရနိုင်ကြောင်း အလုပ်ရုံနှင့် အလုပ်သမား ဥပဒေ စစ်ဆေးရေး ဦးစီးဌာနမှ သိရသည်။

မြ၀တီ
https://www.facebook.com/mwdmedia
စက်ရုံ အလုပ်ရုံနှင့် ကုမ္ပဏီလုပ်ငန်းများ အလုပ်ချိန်ပြင်ပ အချိန်ပိုဆင်းစေလိုပါက နာရီကို တိကျမှန်ကန်စွာ တင်ပြရမည်  စက်ရုံ အလုပ်ရုံနှင့် ကုမ္ပဏီလုပ်ငန်းများ အလုပ်ချိန်ပြင်ပ အချိန်ပိုဆင်းစေလိုပါက နာရီကို တိကျမှန်ကန်စွာ တင်ပြရမည် Reviewed by THITHTOOLWIN on 09:33 Rating: 5
Powered by Blogger.