ပါတီက ထုတ်ပယ်လိုက်သူများထံ အကြောင်းကြားစာများ ပေးပို့

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ ဦးဇော်မြင့်ဖေ ကို တွေ့ရစဉ်။ Photo: RFA
ပြီးခဲ့တဲ့ ဧပြီလ ၂၂ ရက်နေ့က သမ္မတဟောင်း ဦးသိန်းစိန် တက်ရောက်ခဲ့တဲ့ ကြံ့ခိုင်ဖံွ့ဖြိုးရေးပါတီ ဗဟိုအလုပ် အမှုဆောင်ကော်မတီအစည်းအဝေး ဆုံးဖြတ်ချက်အရ သူရဦးရွှေမန်း အပါအဝင် ပါတီဝင် ၁၇ ဦးကို ပါတီကနေ ထုတ်ပယ်လိုက်ပြီး အသိပေးအကြောင်းကြားစာတွေကို ဒီနေ့ ပေးပို့လိုက်ပါတယ်။

ပါတီက ပေးပို့တဲ့ အကြောင်းကြားစာကို လက်ခံရရှိထားကြောင်းနဲ့ ပါတီဖွဲ့စည်းပုံစည်းမျဉ်းတွေကို ချိုးဖောက်ပြီး ပါတီတာဝန်ယူထားသူတွေက အခုလို ဆောင်ရွက်တာကို အသိအမှတ်မပြုကြောင်း ဦးဇော်မြင့်ဖေ က ပြော ပါတယ်။

ထုတ်ပယ်ခံရတဲ့ ပါတီဝင် ၁၇ ဦးထဲမှာ ပြည်သူ့လွှတ်တော် ဥက္ကဌဟောင်း သူရဦးရွှေမန်း၊ သူရဦးအောင်ကို၊ ဦးဇော်မြင့်ဖေ၊ ဦးမောင်မောင်သိမ်း၊ ဦးသိန်းဇော် တို့ ပါဝင်ပါတယ်။

ဒါ့အပြင် သူရဦးရွှေမန်း ဥက္ကဌအဖြစ် တာဝန်ယူထားတဲ့ ပြည်ထောင်စုလွှတ်တော်က ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်မှာ အဖွဲ့ဝင်အဖြစ် ပါဝင်တဲ့ ကြံ့ခိုင်ဖံွ့ဖြိုးရေးပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်ဟောင်းတွေလည်း ပါဝင်ပါတယ်။

အဲ့ဒီကော်မရှင်မှာ ဦးစောလှထွန်း၊ ဦးကြည်သာ၊ ဦးဝင်းသန်း၊ ဦးတင်မောင်ဦး၊ ဦးမောင်တိုး၊ ဦးအေးမောက် စတဲ့ USDP က ကိုးဦး ပါဝင်တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် သြဂုတ်လက အဲ့ဒီအချိန်မှာ ပါတီပူးတွဲဥက္ကဌအဖြစ် တာဝန်ယူထားတဲ့ သူရဦးရွှေမန်းအပါအဝင် ထိပ်ပိုင်းခေါင်းဆောင်တွေကို တာဝန်ကနေဖယ်ရှားပြီး ဦးဌေးဦးကို ပူးတွဲဥက္ကဌအဖြစ် အစားထိုးခန့်အပ်ပြီးနောက် USDP ဗဟိုအလုပ်အမှုဆောင်ကော်မတီကို ပြန်လည်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

ပါတီထိပ်ပိုင်းခေါင်းဆောင်တွေအဖြစ်ကနေ ဖယ်ရှားခံလိုက်ရသူတွေဟာ သာမန်ပါတီဝင်တွေအဖြစ် ဆက်ရှိနေရာကနေ ပါတီဝင်အဖြစ်ကနေ ထပ်မံထုတ်ပယ်လိုက်တာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese
ပါတီက ထုတ်ပယ်လိုက်သူများထံ အကြောင်းကြားစာများ ပေးပို့  ပါတီက ထုတ်ပယ်လိုက်သူများထံ အကြောင်းကြားစာများ ပေးပို့ Reviewed by THITHTOOLWIN on 04:20 Rating: 5
Powered by Blogger.