"မန္တလေးကုတင် ၅၅၀-ကလေး ဆေးရုံကြီးတွင် လေးမွှာပူးကလေးငယ်များ ကုသမှုခံယူနေ"


စစ်ကိုင်းမြို့ ဆေးရုံတွင် ၂၈-ရက် နေ့က ဓမ္မာအတိုင်း မွေးဖွားခဲ့သည့် ယောင်္ကျားလေး-လေးမွှာပူး ကလေး ငယ်များအား မန္တလေး ကုတင် ၅၅၀-ကလေးဆေးရုံကြီုး၌ ဆေးဝါးကုသမှုခံယူနေကြောင်း ကုတင် ၅၅၀-ကလေးဆေးရုံအုပ်ကြီး ဒေါက်တာ သက်ဆွေက ပြောသည်။

ကလေးမိဘများမှာ စစ်ကိုင်းမြို့ ဇေယျာကွက်သစ်နေထိုင်ကြသည့် ကိုကျော်မင်းလတ်နှင့် မမြင့်မြင့်အေးတို့က မွေးဖွားခဲ့ခြင်းဖြစ်၍ ကလေးငယ်များ၏ ကျန်းမာရေးအတွက် မန္တလေးသို့ ပို့ဆောင်ကုသထားခြင်းဖြစ်သည်။

“များသောအားဖြင့် နှစ်မွှာပူးတွေပါ။နောက် သုံးမွှာပူးပေါ့။လေးမွှာပူးက အတော်လေးရှား တယ်။ ခုမွေးဖွားတဲ့ လေးမွှာပူးကတော့ အသက်ရှင်လျက်မိရိုးဖလာအတိုင်း မွေးတာကြောင့် မိခင်ကအင်အားနည်းသွားလို့ စစ်ကိုင်း ဆေးရုံမှာပဲ ရှိသေးတယ်။ကလေးတွေကို အထူးစောင့်ကြပ်ကုသပေးနေပါတယ်။”ဟု မန္တလေး ကုတင် ၅၅၀-ဆေးရုံ အုပ်ကြီးက ပြောသည်။


အဆိုပါ လေးမွာပူးကလေးငယ်များမှ ပထမမွေးဖွားလာသည့် ကလေးငယ်မှာ ၁.၂-ကီလိုဂရမ်၊ဒုတိယမှာ ၁-ကီလိုဂရမ်၊တတိယမှာ ၁.၃-ကီလိုဂရမ်အသီးသီးရှိကြပြီး ပထမနှင့် ဒုတိယကလေးငယ်များမှာ အခြေအနေ ဆိုးရွှားမှုမရှိဘဲ စတုတ္ထကလေးငယ်မှာ အသက်ရှူစက်ဖြင့် ကူညီပေးနေရကြောင်းသိရသည်။ “မိဘတွေက ကိုယ်ဝန်ရှိစဉ်မှာ ကိုယ်ဝန်အပ်ထားတာ၊ultra sound ရိုက်တာတွေ မရှိတော့ လေးမွာပူးဆိုတာ မသိကြဘူး။မွေးတော့မှ သိကြတယ်။ကိုယ်ဝန်အရွယ်အစားကလည်း ပုံမှန်ထက် ပိုပြီးကြီးမားတာပေါ့။ဆေး ပညာအရ အမွှာပူး ကလေးငယ်တွေမှာ အလေးချိန်မပြည့်တတ်ကြသလို လမစေ့ဘဲ မွေးတတ်ပါတယ်။”ဟု ဆေးရုံအုပ်ကြီးက ပြောသည်။

ကလေးမိဘဖြစ်သူသည် လက်သမားအလုပ်ဖြင့် အသက်မွေးဝမ်းကျောင်းပြုကြပြီး ယခုမွေးဖွားခြင်းမှာ ဒုတိယ ကိုယ်ဝန်ဆောင်မွေးဖွားခြင်းဖြစ်ကြောင်း၊အမွှာပူးမွေးဖွားခြင်းသည် မျိုးရိုးနှင့် သက်ဆိုင်မှုများလည်းရှိ၍ ဖခင်ဘက်က မျိုးရိုးနှင့် ပိုမိုသက်ဆိုင်မှုရှိ ကြောင်းသိရသည်။

ခိုင်ဆက်ဝေ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
"မန္တလေးကုတင် ၅၅၀-ကလေး ဆေးရုံကြီးတွင် လေးမွှာပူးကလေးငယ်များ ကုသမှုခံယူနေ"  "မန္တလေးကုတင် ၅၅၀-ကလေး ဆေးရုံကြီးတွင် လေးမွှာပူးကလေးငယ်များ ကုသမှုခံယူနေ" Reviewed by THITHTOOLWIN on 18:15 Rating: 5
Powered by Blogger.