မူးယစ်ဆေးဝါးတွေ ဖမ်းမိပြန်၊ ရဲ ၂ ဦးဒဏ်ရာရ

ရှမ်းပြည်နယ် ကျိုင်းတုံမြို့မှာ ကျပ်သိန်း ၆ သောင်းကျော်ရှိတဲ့ မူးယစ်ဆေးဝါးတွေနဲ့ လက်နက်ခဲယမ်းတွေကို ဧပြီလ ၂ ရက်နေ့က ဖမ်းဆီးရမိစဉ်။ Photo: Kan Thar/ RFA
ရှမ်းပြည်နယ် ကျိုင်းတုံနဲ့ မိုင်းခတ်မြို့နယ်အကြား နောင်ကန်ရွာအနီးမှာ ရဲတပ်ဖွဲ့နဲ့ မူးယစ်ဆေး သယ်ဆောင် လာသူတွေ ပစ်ခတ်မှုဖြစ်ပွားရာ ရဲတပ်ဖွဲ့ဝင် ၂ ဦး ဒဏ်ရာရရှိသွားပြီး ကျိုင်းတုံဆေးရုံမှာ တင်ထားရပါတယ်။

မနေ့ည သန်းခေါင်ချိန်မှာ ကားတစ်စီးကို တားရာကနေ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့တာဖြစ်ပြီး ငွေကျပ် သိန်းပေါင်း ၆ သောင်းကျော် တန်ဖိုးရှိတဲ့ ICE ကီလို ၁၆ဝ ကျော်ကို ဖမ်းမိထားတယ်လို့ ရဲမှူးချုပ် အောင်အောင် က ပြောပါတယ်။

"မနေ့ည ၁၂ နာရီက ကားတစ်စီးဖြတ်လာတော့ ဒီကတားတာပေါ့၊ တားနေတုန်းမှာပဲ အဲ့ဒီကားပေါ် ကနေ သေနက်နဲ့ပစ်တော့ ကျနော်တို့ ဒီဘက်က စစ်ဆေးရေးတာဝန်ကျတဲ့ ရဲ ၂ ယောက် ဒဏ်ရာရတယ်၊ ရဲအဖွဲ့ကနေ ပြန်ပစ်တော့ ကိုက် ၁ဝဝ လောက်မှာ ကားကမြောင်းထဲကို ကျသွားတယ်၊ ကားပေါ်မှာလူ ၃ ယောက်ကတော့ ဆင်းပြေးပါတယ်၊ ကားပေါ်မှာတော့ ICE ပေါ့ ၁၆၄ ကီလိုဂရမ်ပေါ့ ငွေနဲ့တွက်ရင်တော့ သိန်းပေါင်း ၆ သောင်းကျော်ရတယ်၊ လူတွေကိုတော့ မရဘူးပေါ့နော်၊ လူတွေကတော့ ကားမြောင်းထဲထိုး ကျသွားတာနဲ့ တခါတည်းပြေးသွားတာပေါ့"

အဲ့ဒီပစ်ခတ်မှုကြောင့် တပ်ကြပ် တစ်ဦးနဲ့ ဒုတပ်ကြပ်တစ်ဦး ဒဏ်ရာရရှိထားပါတယ်။

မူးယစ်ဆေးဝါးသယ်ဆောင်လာတဲ့ ကားကိုဖမ်းမိပြီး သယ်ဆောင်လာသူတွေဖြစ်တဲ့ ယာဉ်ပေါ်ပါသူ ၃ ဦးဟာ ထွက်ပြေးလွတ်မြောက်သွားပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၁ ရက်နေ့ကလည်း အလားတူ ငွေကျပ်သိန်းပေါင်း ၆ သောင်းကျော် တန်ဖိုးရှိတဲ့ မူးယစ်ဆေး ဝါးတွေနဲ့ လက်နက်ခဲယမ်းတွေကို မိုင်းလားကနေ ကျိုင်းတုံဖက်ကိုလာတဲ့ ယာဉ်တစ်စီးပေါ်မှာ ဖမ်းဆီးရမိထားပြီး အဲ့ဒီအမှုနဲ့ပတ်သက်သူ ၅ ဦးကို ဖမ်းမိထားပါတယ်။

RFA Burmese
http://www.rfa.org/burmese
မူးယစ်ဆေးဝါးတွေ ဖမ်းမိပြန်၊ ရဲ ၂ ဦးဒဏ်ရာရ  မူးယစ်ဆေးဝါးတွေ ဖမ်းမိပြန်၊ ရဲ ၂ ဦးဒဏ်ရာရ Reviewed by THITHTOOLWIN on 19:10 Rating: 5
Powered by Blogger.