အာဖရိကဆင်များ မျိုးမတုံးရေးအတွက် အာဖရိကခေါင်းဆောင်များ ဆင်ညီလာခံဝင်ကြမည်


နိုင်ရိုဘီ၊ ဧပြီ-၂၉

အာဖရိကတိုက်ကြီးအတွင်းမှ ဆင်များကို မျိုးတုံးမှုမှ မည်သို့ကယ်တင်မည်ကို ဆွေးနွေးရန်အတွက် အာဖရိကခေါင်းဆောင်များ ကင်ညာတွင် တွေ့ဆုံကြမည်ဖြစ်သည်။

Giants Clubဟုခေါ်သည့် အဆိုပါညီလာခံကို ကင်ညာသမ္မတ အူဟူရူ ကင်ညတ္တက ခေါင်းဆောင်ကျင်းပမည်ဖြစ်သည်။

နိုင်ငံအကြီးအကဲများလည်း ပါဝင်မည်ဖြစ်သကဲ့သို့ စီးပွားရေးခေါင်းဆောင်များနှင့် သိပ္ပံပညာရှင်များလည်း တက်ရောက် ဆွေးနွေးကြမည်ဖြစ်သည်။

အာဖရိက၏ ဆင်ကောင်ရေမှာ လွန်ခဲ့သည့် ရာစုနှစ်အတွင်း ၉၀ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့သောကြောင့် ဆယ်စုနှစ်များအတွင်းတွင် မျိုးတုန်းသွားနိုင်ကြောင်း ကျွမ်းကျင်သူများက သတိပေးထားသည်။

ညီလာခံသို့ တက်ရောက်ဖွယ်ရှိသူများထဲတွင် ယူဂန်ဒါသမ္မတ ယွာရီ မြုစ်ဗီနီနှင့် အာဖရိကအနောက်ပိုင်း ဂါဘွန်နိုင်ငံမှ သမ္မတ အလီ ဘွန်ဂိုလည်း ပါဝင်သည်။

ညီလာခံအပြီးတွင် ကင်ညာနိုင်ငံက ဆင် ၆၇၀၀ကျော်နှင့် ညီမျှသည့် သိမ်းယူထားသည့် ဆင်စွယ် ၁၀၅တန်နီးပါးကို မီးရှို့ဖျက်စီးပစ်မည်ဖြစ်သည်။

ဆင်စွယ်များကို ထင်းပုံများပေါ်တွင် စုပုံထားပြီး ညီလာခံသို့ တက်ရောက်လာသည့် ဂုဏ်သရေရှိ လူကြီးများက မီးရှို့ကြမည်ဖြစ်သည်။


စနေနေ့ အစုလိုက်အပြုံလိုက် မီးရှို့မှုမှာ ယခုအချိန်အထိ ဖျက်စီးခဲ့ဖူးသမျှ ပမာဏ၏ ၇ဆ နီးပါးမျှ ရှိမည်ဖြစ်ပြီး ကမ္ဘာနှင့်အ၀န်း ဆင်စွယ်သိုလှောင်မှု၏ ၅ရာခိုင်နှုန်းအထိ ရှိသည်ဟု ဆိုသည်။ ဆင်စွယ်များနှင့် အတူ ကြံ့ချို ၁.၃၅တန်ကိုလည်း မီးရှို့ဖျက်စီးမည်ဖြစ်သည်။

ဖျက်စီးပစ်မည့် ဆင်စွယ်များ၏ တန်ဖိုးမှာ ခန့်မှန်းခြေ ကန်ဒေါ်လာ သန်း၁၀၀ကျော်ရှိပြီး၊ ကြံ့ချိုများမှာမူ ကန်ဒေါ်လာ သန်း၈၀ကျော် တန်ဖိုးရှိသည်ဟု ဆိုသည်။

“ဆင်စွယ်မှာ ပကတိတန်ဖိုး တစ်စုံတစ်ရာရှိတယ်လို့ ကျနော်တို့ မယုံကြည်ဘူး။ ဒါ့ကြောင့် အားလုံးကို ဖျက်စီးပစ်ပြီး ဆယ်စွယ်ဟာ ဆင်မှာရှိနေမှ တန်ဖိုးရှိတယ်ဆိုတာကို ကမ္ဘာကြီးကို သက်သေပြရမယ်”ဟု ကင်ညာ တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေးဌာနမှာ ညွှန်ကြားရေးမှူးချုပ် ကီတီလီ အမ်ဘာသီက ပြောကြားခဲ့သည်။

အာဖရိကတွင် ဆင်ကောင်ရေ ၄၅၀၀၀၀မှ ၅၀၀၀၀၀အထိ မှီတင်းနေထိုင်နေသော်လည်း နှစ်စဉ် ဆင်ကောင်ရေ ၃၀၀၀၀ကျော်မှ ဆင်စွယ်အတွက် အသတ်ခံနေရသည်ဟု ဆိုသည်။

ဘီဘီစီ
AM
china.com Myanmar
https://www.facebook.com/china.com.mm/
အာဖရိကဆင်များ မျိုးမတုံးရေးအတွက် အာဖရိကခေါင်းဆောင်များ ဆင်ညီလာခံဝင်ကြမည် အာဖရိကဆင်များ မျိုးမတုံးရေးအတွက် အာဖရိကခေါင်းဆောင်များ ဆင်ညီလာခံဝင်ကြမည် Reviewed by THITHTOOLWIN on 15:59 Rating: 5
Powered by Blogger.