မိုးနှင့်အတူ လေပြင်းတိုက်ခတ်မှုကြောင့် ပြင်ဦးလွင်နှင့် မုံရွာတို့တွင် သစ်ပင်များပြိုလဲကာဓာတ်အား တိုင်များကျိုးကျ


မန္တလေး ဧပြီ ၂၂

ယမန်နေ့က မြန်မာနိုင်ငံနေရာအနှံ့အပြား လေပြင်းတိုက်ခတ်ပြီးမိုးကြိုးပစ်သည့်အခြေအနေ အထိဖြစ်ပေါ်ခဲ့ရာမှာ ပြင်ဦးလွင်မြို့နှင့်မုံရွာမြို့တို့မှာ သစ်ပင်များပြိုလဲခဲ့ကြောင်း သိရသည်။

ညနေပိုင်းကစတင်ခဲ့သည့် လေပြင်းတိုက်ခတ်မှု နှင့် မိုးရွာသွန်းမှုများကြောင့် ပြင်ဦးလွင်မြို့မှာ ဓာတ်တိုင်များကျိုးကျပျက်ဆီးခြင်း သစ်ပင်ကြီးငယ်များ အမြစ်မှကျွတ်လဲပြိုကျခြင်းအထိဖြစ်ပေါ်ခဲ့ သည်ဟု ပြင်ဦးလွင်မြို့ခံမပြည့်ပြည့်က china.com myanmar သို့ပြောသည်။

“ရပ်ကွက်ကြီး ၃ ကလမ်းမတွေပေါ်ကဓာတ်တိုင်တွေကျိုးကျကုန်တယ်၊ အောင်ချမ်းသာဈေးတန်းဘက်မှာလည်း ဓာတ်တိုင်တွေလဲကုန်တယ်၊ သစ်ပင် တွေဆိုအမြစ်ကနေကိုလဲကျတာပါ၊ တစ်မြို့လုံးနေရာအနှံ့ဖြစ်တယ်လို့ကြားပါတယ်၊ လားရှိုးဘက်ကတက်လာတဲ့ကားတွေရော မန္တလေးကတက်လာတဲ့ ကားတွေရော နာရီပိုင်းပိတ်မိနေတယ်၊ ထုံးစံအတိုင်းမီးကတော့ပျက်နေတယ်” ဟု ၄င်းကဆိုသည်။

လေပြင်းတိုက်ခတ်မှုနှင့်အတူ မိုးရွာသွန်းမှုလည်းဖြစ်ပေါ်ခဲ့ပြီး မိုးကြိုးပစ်သည်အထိဖြစ်ပေါ်ခဲ့ရာ မုံရွာမြို့တွင် မိုးကြိုးပစ်ခံရမှုကြောင့် လူ ၂ ဦးသေဆုံး သည်အထိဖြစ်ခဲ့ရကြောင်း မုံရွာမြို့ခံတစ်ချို့သတင်းပေးချက်အရသိရသည်။
အလားတူ မန္တလေးနှင့် ကလေးမြို့ အပါအ၀င် အထက်မြန်မာပြည်နှင့်အောက်မြန်မာပြည်နေရာတော်တော်များများ၌ လေပြင်းတိုက်ခတ်မှုခံခဲ့ရပြီး မန္တလေးမြို့တွင် ထူးခြားဖြစ်စဉ်အနေနှင့် မိုးသီးကြွေကျခြင်း၊ ကလေးမြို့တွင် သစ်ပင်များပြိုလဲကျခြင်းတို့ဖြစ်ပေါ်ခဲ့ကြောင်းသိရသည်။


ယခုဖြစ်စဉ်များဖြစ်ပွားရခြင်းနှင့်ပတ်သက်၍ မိုးတိမ်တောင်များထူထပ်ခဲ့သည့်အတွက်ကြောင့်ဟု ဒေါက်တာဦးထွန်းလွင်ကပြောသလို အားကောင်းသည့် မိုးတိမ်တောင်များသည်လည်း ယခုရက်ပိုင်းအတွင်းဆက်လက်ဖြစ်ပေါ်နေဦးမှာဖြစ်ကြောင်းဆိုသည်။

မိုးတိမ်တောင်များအားကောင်းလာမှုကြောင့် မိုးကြိုးပစ်ခြင်း မိုးသီးကြွေကျခြင်း လေဆင်နှာမောင်းတိုက်ခတ်ခြင်းများအထိဖြစ်ပေါ်လာနိုင်ပြီး တစ်ခါတစ် ရံတွင် စိုက်ဆင်းလေပြင်းပါတိုက်ခတ်တတ်သည်ဟု ၄င်းကသတိပေးထုတ်ပြန်ထားသည်။
ထိုအခြေအနေမျိုးကို မွန်းလွဲပိုင်းနှင့်ညနေပိုင်းများမှာကြုံတွေ့တတ်ရကြောင်းသိရပြီး ဧပြီ ၂၄ ရက်နေ့အထိ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ် ရခိုင်ပြည်နယ် ကယားပြည်နယ် ကရင်ပြည်နယ် မွန်ပြည်နယ် စစ်ကိုင်းတိုင်းဒေသကြီး မကွေးတိုင်းဒေသကြီး ပဲခူးတိုင်းဒေသကြီး မန္တလေးတိုင်းဒေသကြီး တို့မှာ ဆက်လက်ဖြစ်ပေါ်လာနိုင်သည်ဟုလည်း ဒေါက်တာဦးထွန်းလွင်ကခန့်မှန်းပြောဆိုထားသည်။

ကျော်ထွေး
china.com Myanmar
https://www.facebook.com/china.com.mm
မိုးနှင့်အတူ လေပြင်းတိုက်ခတ်မှုကြောင့် ပြင်ဦးလွင်နှင့် မုံရွာတို့တွင် သစ်ပင်များပြိုလဲကာဓာတ်အား တိုင်များကျိုးကျ  မိုးနှင့်အတူ လေပြင်းတိုက်ခတ်မှုကြောင့် ပြင်ဦးလွင်နှင့် မုံရွာတို့တွင် သစ်ပင်များပြိုလဲကာဓာတ်အား တိုင်များကျိုးကျ Reviewed by THITHTOOLWIN on 16:11 Rating: 5
Powered by Blogger.