နှစ်သစ်မှာတွေ့ရမယ့် ပြည်သူ့အစိုးရသစ်

နိုင်ငံတော် သမ္မတ ဦးထင်ကျော် (ဓါတ်ပုံ - Google Images)
ဒီလဆန်းမှာ ကျွန်တော်တို့ အိပ်မက်အသစ်တစ်ခု စမက်ခွင့်ရပြီ။ ဒီအိပ်မက်ကလေး မက်ရဖို့အရေး ''အသက်သွေးချွေး စဉ်မနှေးပေးဆပ်သည်မှာ ပြည်သူပါ''ပေါ့ခင်ဗျာ။ နည်းတဲ့ နှစ်ကာလတွေလား။ လုံးဝ(လုံးဝ)သက်သာရာ တစ်စက်ကလေးမှမရခဲ့တဲ့ နှစ်ကာလ ပေါင်း မြောက်မြားစွာ။ လောကငရဲထဲ အကွဲကွဲအပြဲပြဲ၊ အလဲလဲအပြိုပြို ဘာကိုမှ ဆောက်တည်ရာမရ။ သေကြကျေကြ ပြုတ်ပြုတ်ပြုန်းကြ၊ လူ့ဒုက္ခိတဘဝတွေ၊ ပရမ်းပတာနဲ့ နစ်တုံပေါ်တုံ တမှုန်မွှားမွှား ထားရာမှာနေ စေရာသွား။

၁၉၆၂ ခုနှစ်က စလိုက်တဲ့ဇာတ်လမ်း။ အခုမှ ပြည်ဖုံး ကား ချရတော့တာပါပဲလေ။ ''မျှော်မျှော်သူ မောရရှာ တယ်''တို့၊ ''ရွှေပြည်တော်မျှော်တိုင်းဝေး''တို့''ကြွေကြွေ ကာ နွမ်းလေပြီကွယ်''တို့ဆိုတဲ့ ဇာတ်ထုပ်ပေါင်း မြောက်မြားစွာကို တစ်နိုင်ငံလုံးက မိဘပြည်သူတွေ (ဆောရီးနော်)နိုင်ငံသူ နိုင်ငံသားတွေ၊ စုတ်ပြတ်သတ် ကွဲပြဲကြေမွ အသက်ထွက်မတတ် ကပြလာခဲ့ကြရတာ ကိန်းဂဏန်းနဲ့တွက်စစ်ရင် ၅၄ နှစ်တာ ကာလတိုင် ရှည်ခဲ့ကြာခဲ့၊ မောခဲ့ပန်းခဲ့၊ သွေးပျက်၊ သွေးထွက်၊ အရိုးအက်လုလုနဲ့ ခြေကုန်လက်ပန်းကျခဲ့ကြတာဟာ လူရုပ်မပေါ်တော့ပါဘူးလေ။

ဒါတင်ပဲလား ဒါပဲလားဆိုတော့... ဘယ်ဟုတ်ပါ့ မတုန်းဗျာ။ ကမ္ဘာ့အလယ်မှာ မျက်နှာငယ်ပြီးရင်းငယ်၊ နိုင်ငံတကာမှာ လူရာမဝင်ပြီးရင်းမဝင်၊ ဦးနှောက်တွေ ယိုစီးမဆုံး၊ 3D လုပ်သား ရွှေ့ပြောင်းလုပ်သားတွေအဖြစ် ကမ္ဘာအနှံ့ပြန့်ကျဲ။ ဘယ်ကိစ္စမဆို အဆိုးသမျှ ထိပ်ခေါင်၊ အကောင်းမှန်သမျှ လွှဲရှောင်နေကြရတဲ့ဘဝ။ အစစ အရာရာ လူလုံးမပြရဲလောက်အောင် နုံချာခဲ့တဲ့ဘဝ။ အစွမ်းအစဆွံ့အ၊ လူတောမတိုးရဲ၊ ဘက်ပေါင်းစုံ တွင်း ဆုံးကျ။ နေရာတကာသိမ်ငယ်။ ယူနီဖောင်းမြင်ရင် သွေးပျက်။ ဘောင်းဘီဝတ်တွေ့ရင် ကြောက်လန့်၊ အလကားနေရင်း ကိုယ့်အရိပ်ကိုယ် လန့်နေကြရ။

ဘယ့်နှယ့်လဲ၊ အဲသည်ဒီဇိုင်းမျိုးနဲ့ ဆက်ပြီး ရှင်သန်နေခဲ့ကြရတာ သားစဉ်မြေးဆက်ပဲ မဟုတ်လား။ နှစ်ပေါင်း ၅ဝ ကျော် လူမှုဒုက္ခအဝဝကို သာမန် အရပ်သား ရိုးသားတဲ့ပြည်သူအများစုဟာ ထွက်ပေါက် မရှိဖြေဆည်ရာမရ၊ ကူသူမဲ့ကယ်သူနတ္ထိဘဝနဲ့ အငတ် ငတ်အပြတ်ပြတ် ရင်ဆိုင်ခဲ့ရတာပေါ့ဗျာ။ ဒီလိုဘဝမျိုး တွေမှာ အနေကြာလာတဲ့အခါ သူတို့က သေမထူး နေမထူး ဖြစ်လာတယ်။ ဒုစရိုက်မှုတွေဟာ သူတို့ရဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေ ဖြစ်လာတယ်။ ဒီလိုနဲ့ ဗမာတွေရဲ့စရိုက်ဟာ ကြမ်းတမ်းလာတယ်။ မိုက်ရိုင်းလာတယ်။ ယုတ်မာလာတယ်။ အားလုံးပျက် ယွင်း...၊ အားလုံးယိမ်းယိုင်...၊ အားလုံး စံလွဲ...၊ အားလုံးဝုန်းဒိုင်းကြဲ...၊ ပညာမျက်စိကွယ် အသိÓဏ် မျက်စိကွယ်...။

အဲသည်လိုဘဝကို ကျွန်တော်တို့ ခုအချိန်ကစလို့ အတတ်နိုင်ဆုံး ပြန်ပြီးတည့်မတ်အောင် ကောင်းမွန် အောင်၊ ပြန်ပြီးခိုင်ခံ့အောင်၊ အသစ်ဖြစ်အောင်၊ သွက် သွက်မြန်မြန်လေး အားထုတ်ကြဖို့ အရေးကြီးတယ်။ အရပ်သားအစိုးရလက်ထဲ နိုင်ငံတော်အာဏာရောက် လာပြီ၊ ပြည်သူတွေက ယုံယုံကြည်ကြည်နဲ့ ရွေးလိုက်ကြ သူတွေ အစိုးရဖွဲ့ပြီး စီမံခန့်ခွဲကြမယ်။ နိုင်ငံ့တာဝန်တွေ ကျေပွန်ကြမယ်။ အင်န်အယ်လ်ဒီပါတီက ရွေးထားတဲ့ လက်ရွေးစင်တွေနဲ့ အစိုးရဖွဲ့ထားပြီ။ တတ်သိနားလည် သူတွေက ဆိုင်ရာဆိုင်ရာကဏ္ဍအသီးသီးမှ ပေးအပ်တဲ့ တာဝန်ဝတ္တရားတွေနဲ့ သမာသမတ်ကျကျ ပါဝင်လှုပ်ရှား ထမ်းဆောင်ကြတော့မယ်။

တစ်ကပြန်စမယ်။ ပြီးခဲ့တာတွေ ချေးခြောက်ရေနူး ပြန်လုပ်မနေနိုင်ဘူး။ အချိန်ကအဖိုးတန်တယ်။ ရှေ့ဆက် ရမယ့်ခရီးက ဝေးလည်းဝေး ကြမ်းလည်းကြမ်း၊ ပြုပြင် လို့ရနိုင်သမျှ၊ ပြောင်းလဲလို့ရနိုင်သမျှ POSITIVE THINKING နဲ့ အားလုံးကောင်းဖို့ အားလုံးဝိုင်းဝန်း ကြရတော့မှာ။ အရှေ့တောင်အာရှမှာ၊ တောင်အာရှမှာ အာရှပစိဖိတ်ဒေသမှာ အာရှတိုက်မှာ ဗမာတွေနေရာ တစ်နေရာ အသေအချာပြန်ရအောင် လုပ်ကြရမယ် လေ။ ဦးနုရဲ့ ပါလီမန်ဒီမိုကရေစီခေတ်ကလို ကမ္ဘာမှာ ဗမာဟေ့လို့ လက်မထောင်နိုင်အောင်ပါ။ ပါးစပ်နဲ့ မဟုတ်ဘဲ ဦးနှောက်နဲ့ လက်နဲ့လုပ်ရမှာ၊ ဇွဲနဲ့ လုံ့လနဲ့ ဝီရိယနဲ့ စိတ်ဓာတ်ပြင်းပြင်းနဲ့...။

ဘယ်တုန်းကမှ ဘယ်သူ့ကိုမှ အညံ့မခံခဲ့တဲ့ အစဉ် အလာနဲ့ လွတ်လပ်ရေးကို အရယူပေးခဲ့သူ၊ ဖက်ဆစ်ကို အမြစ်ဖြတ်ခဲ့သူ၊ အဲသည်ကမှ ရှစ်လေးလုံးမှာ ကိုယ်ရေး ကြုံသက်လုံကောင်းခဲ့ကြ၊ ရွှေဝါရောင်မှာ ထွန်းထွန်း ပြောင်ခဲ့ကြ၊ ဘာမထီတွေ၊ အာဇာနည်တွေ၊ နိုင်ငံ အတွက် အသက်စွန့်သူတွေ အရာအားလုံးကို စွန့်ထား ခဲ့သူတွေ၊ အတိုင်းအဆမရှိအနစ်နာခံခဲ့။ ပေယျာလကန် ပစ်ထားခဲ့။ ဘာအခွင့်အရေးမှမယူခဲ့။ ဘာတစ်ခုမှ ကလီ ကမာမကြံစည်ခဲ့။ အန္တရာယ်အသွယ်သွယ်ကို (ဒီပဲယင်း လို ကိစ္စမျိုးအပါအဝင်) တည်တည်ငြိမ်ငြိမ် လက်တုံ့ မပြန်ဘဲ ရင်ဆိုင်ခဲ့။ အသက်သွေးချွေးနဲ့ရင်းပြီး ရွေး ကောက်ပွဲအဆင့်ဆင့်နဲ့ အင်န်အယ်လ်ဒီဟာ စင်မြင့်ထက် ကို တက်လာနိုင်ခဲ့။

အခု ပြည်သူ့ရှေ့မှောက်ရောက်ပြီး ပြည်သူ့အစိုးရ လူထုအစိုးရ ရာနှုန်းပြည့် မဖြစ်သေးသည့်တိုင် အစိုးရ အဖွဲ့ထဲ ပါလေသမျှသော အမျိုးကောင်းသား၊ အမျိုး ကောင်းသမီးတွေဟာ စွမ်းဆောင်ရည်မြင့်မားပြီးသားသူတွေချည်းပါပဲ။ ငိနေ ကောင်းတွေနဲ့ အသင့်ရှိနေကြ သူတွေချည်းပါပဲ။ ဒီအစိုးရသစ်မှာ တာဝန်ယူထားသူ တွေရဲ့ စိတ်ဓာတ်ခွန်အားဟာ ဘာမဆို စွမ်းနိုင်ရဲ့ဆိုတဲ့ အရည်အချင်းမျိုးပဲဖြစ်တယ်။ ဘာမဆို ရင်ဆိုင်ကျော်ဖြတ် နိုင်သူတွေပဲဖြစ်တယ်။

သူတို့တစ်တွေဟာ သွေးမကွဲဘဲ ညီညွတ်ခဲ့ကြသူတွေ ပါ။ ရှင်ကြီးဝမ်းလည်းဝင်ခဲ့ဖူးပါရဲ့။ ရှင်ငယ်ဝမ်းလည်းဝင်ခဲ့ကြပြီးပါပြီ။ ဒီကနေ့ကာလနဲ့ ဒီအစိုးရနဲ့။ ဘယ်ခရီး ဘယ်ထီးနဲ့ဆိုတာ သူတို့သဘောပေါက်တယ်။ ဘာလုပ် ကြရမယ် ဘယ်လိုလုပ်ရမယ်ဆိုတာလည်း သိကြပြီးသား ပါ။ လတ်တလောဆောင်ရွက်ရမှာနဲ့ ရေရှည်ဆောင်ရွက် ရမှာတွေကိုလည်း ခွဲခြားသိမြင်ကြပြီးသားပါ။ ဘာပဲ ပြောပြော ဘယ်လိုပဲဖြစ်ဖြစ် အခုတက်လာတဲ့ ဦးထင်ကျော်အစိုးရဟာ ဒီတိုင်းပြည်ဒီလူမျိုး အကျိုးကို မဆုတ်မနစ်လုပ်ကိုင်ကြမယ်ဆိုတာ ယုံမှားသံသယ တစိုး တစိမှ ရှိစရာမလိုဘူး။ စိတ်ချလက်ချရှိရပါရဲ့။

ခေါင်းဆောင်ကို ယုံလို့ပုံထားပြီးသား။ သူ့အစီအမံ၊ သူ့ရွေးချယ်မှု၊ သူ့ဆုံးဖြတ်ချက်အဝဝ အားလုံးကို ကျေနပ် တယ်။ သဘောတူတယ်။ သူ့သဘောအတိုင်း ဖြစ်ပါစေ။ ဘာမဆို သူ့စိတ်ထဲကရှိတဲ့အတိုင်း ဆောင်ရွက်ပါစေ။ သူ့လုပ်ရပ်မှန်သမျှ ထောက်ခံပြီးသားပါ။ သူ့သမာဓိ ကို စိတ်ချတယ်။ သူ့ဥပဓိရုပ်ကို ကြည်ညိုတယ်။ သူ့ဓာတ်ခံကိုသဘောပေါက်တယ်။ သူ့မျိုးရိုးကို စိတ်ချ လက်ချရှိတယ်။ ပြည်သူက သူ့ကို အာဏာကုန်လွှဲထား ပြီးသား။ ဘာမဆို ကြည်ဖြူတယ်။

ပြည်သူနဲ့ အင်န်အယ်လ်ဒီက ရှစ်လေးလုံး ပြည်သူ့ ဒီမိုကရေစီ အရေးတော်ပုံကြီးပြီးကတည်းက လက်တွဲလာ ခဲ့ကြတာ ခုထိပဲ။ အင်န်အယ်လ်ဒီဟာ န.ဝ.တနဲ့အတူ ပေါက်ဖွား။ န.အ.ဖနဲ့အတူ ကြီးပြင်းအရွယ်ရောက်။ စကတည်းက ယဉ်သကိုဆိုသလို ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရခဲ့ပေမယ့် ဘာမှဖြစ်မလာနိုင်ဘူး။ ဘာမှမတတ်နိုင်ဘူး။ ၂ဝ၁ဝ မှာတော့ ဂြိုဟ်စီးဂြိုဟ်နင်း မကောင်းဘူး။ ဒါပေမယ့် ၂ဝ၁၂ မှာ အစွမ်းအစရှိကြောင်း ပြခွင့်ရခဲ့တယ်။ ခေါင်းမော့နိုင်လာတယ်။ ၂ဝ၁၅ နိုဝင်ဘာမှာတော့ အဖြူအမည်း သဲသဲကွဲကွဲဖြစ်ခဲ့ပါပြီ။

ဒီကနေ့တော့ အင်န်အယ်လ်ဒီဟာ အစိုးရဖွဲ့နိုင်ခဲ့ပြီ။ အရပ်သားအစိုးရတစ်ရပ်ကို ထုဆစ်ဖော်လှစ်နိုင်ခဲ့ပြီ။ အရပ်သား သမ္မတတစ်ယောက်ကို မှန်မှန်ကန်ကန် ဖော်ထုတ်နိုင်ခဲ့ပြီ။ ၂ဝ၁၆ အစိုးရအသစ် (ပြည်သူ့ အစိုးရ)ရဲ့ ယန္တရားကို စတင်မောင်းနှင်ချိန်ဟာ ၁၃၇၈ ခုနှစ်ကို ကူးပြောင်းတဲ့နှစ်သစ် အခါသမယပါပဲ။ အဲသည်မှာ ပြည်သူလူထုရဲ့ နှလုံးသားကို အတာရေစင်နဲ့ အေးချမ်းလန်းရွှင်စေမှုအပြင် အရပ်သားအစိုးရရဲ့ ဒီမိုကရေစီရေစင်ကပါ ပူးတွဲသွန်းဖျန်းခြင်းဖြင့် ရွှင်လန်း ဝမ်းမြောက်မှုတွေနဲ့အတူ လူသစ်စိတ်သစ်နဲ့ နိုင်ငံသစ် ကို ယုံကြည်မှုပြည့်ပြည့်ဝဝနဲ့ မျှော်လင့်ခွင့်ရပြီလို့သာ စိတ်နှလုံး ဒုန်းဒုန်းချလိုက်ကြပါတော့လေ။

သင့်နော်
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
နှစ်သစ်မှာတွေ့ရမယ့် ပြည်သူ့အစိုးရသစ်  နှစ်သစ်မှာတွေ့ရမယ့် ပြည်သူ့အစိုးရသစ် Reviewed by THITHTOOLWIN on 09:43 Rating: 5
Powered by Blogger.