လင်မယားရန်ဖြစ်၍ လင်ဖြစ်သူ အိမ်ကို မီးရှို့ရာမှ မြေပုံမြို့နယ်တွင် အိမ် ၆ လုံး မီးလောင်


ရန်ကုန်၊ ဧပြီ ၃ ရက်

ရခိုင်ပြည်နယ်မြေပုံမြို့နယ် စိတ္တရကျေးရွာတွင် ဧပြီ ၃ ရက်နေ့ ညနေက လင်မယား ရန်ဖြစ်ရာမှ လင်ဖြစ်သူက ကိုယ့်အိမ်ကိုကိုယ် မီးရှို့သဖြင့် အိမ်ခြောက်လုံး မီးလောင် သွားသည်ဟု သတင်း ရရှိသည်။

မီးလောင်မှုမှာ ည ၈ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း၊ လင်မယားရန်ဖြစ်ရာမှ ဦးမောင်စိတ်ကေမှ ကိုယ့်အိမ်ကို ကိုယ် မီးရှို့ကြောင်း၊ မီးရှို့မှုကြောင့် သူအိမ် အပါအ၀င် နောက်ထပ် လူနေအိမ် ၅ လုံး မီးထဲပါသွားကြောင်း၊ နောက်ထပ် လူနေအိမ် ၃ လုံးမှာ မီးကူးမည်ကို စိုးရိမ်ရသဖြင့် ဖျက်ပစ်လိုက်ရကြောင်း စိတ္တရကျေးရွာမှ ဆယ်တန်းကျောင်းသူ တစ်ဦးက ပြောသည်။

မီးလောင်၍ အိမ်ပါသွားသူ ဦးစံနုဖြူက “ ည ၈ နာရီလောက်မှာ စမီးလောင်ပါတယ်။ ကျွန်တော်အိမ်ကို မီးကူးပြီး နောက် ဒေါ်နှင်းရီ ဆက်လောင်ပါတယ်။ ၉ နာရီခွဲမှ ရွာသားတွေ ၀ိုင်းဝန်း မီးငြိမ်းသတ်နိုင်ခဲ့ပါတယ်” ဟု ပြောဆိုသည်။

မီးလောင်ခံရသော အိမ်များမှာ ဦးမောင်စိတ်ကေ၊ ဦးစံနုဖြူ၊ ဦးမောင်ကျော်၊ ဒေါ်ယဉ်ဖြူ၊ ဦးညီကြီး၊ ဦးမောင်ပွ တို့ ဖြစ်ကြသည်။

" မီးလောင် ပျက်စီးသွာတာက ဓနီးမိုး ထရံကာ အိမ်ခြောက်ဆောင်ပါ။ ကျန်တဲ့အိမ် ၃ဆောင်ကိုတော့ မီးမကူစက်နိုင်အောင် အနည်း အကျည်းဖြိုဖျက် လိုက်ရပါတယ်။ မီးရှို့တဲ့သူက ဦးစိတ်ကတော့ မီးလောင် ဒဏ်ရာ နည်းနည်းရှိပါတယ်" ဟု ကန်းထောင်ကြီး ရဲစခန်းမှ စခန်းမှူး ဦးခိုင်စိုးထွန်းက နိရဉ္စရာသို့အတည် ပြုပြောဆိုသည်။

တရားလို ဦးဖြူစံနုက မီးရှို့မှု ပုဒ်မ ၄၃၆ ဖြင့် ဦးမောင်စိတ်ကေအား အမှုဖွင့်ထား ကြောင်း စခန်းမှူးက ဆက်လက် ပြောကြားသည်။

မီးလောင်မှုကြောင့် မိသားစု ၇ စု အိုးမဲ့ အိမ်မဲ့ ဖြစ်သွားကြောင်း သိရသည်။

မီးသတ်ရာတွင် ရွာသားများမှ ကန်ရေကို အသုံပြုခဲ့ရသဖြင့် ရေကန် အတွင်းမှ ရေမှာ နောက်ကျိ သွား၍ သုံးစွဲရန် အခက်အခဲ ဖြစ်နေသည်ဟုလည်း သိရသည်။

ရွှေရအောင်(တောင်ကုတ်)
Arakan State
https://www.facebook.com/NarinjaraNews/
လင်မယားရန်ဖြစ်၍ လင်ဖြစ်သူ အိမ်ကို မီးရှို့ရာမှ မြေပုံမြို့နယ်တွင် အိမ် ၆ လုံး မီးလောင်  လင်မယားရန်ဖြစ်၍ လင်ဖြစ်သူ အိမ်ကို မီးရှို့ရာမှ မြေပုံမြို့နယ်တွင် အိမ် ၆ လုံး မီးလောင် Reviewed by THITHTOOLWIN on 09:44 Rating: 5
Powered by Blogger.