ရွှေစာရံ ဘုရားပွဲသို့ ပေါင်းမိုးလှည်းဖြင့် လာသည့်ဓလေ့ ပျောက်ကွယ်သွားသော်လည်း မျောက်မင်းသမီးကပြမှု ယနေ့တိုင်ရှိနေ


မန္တလေး မတ် ၃၁

ယခင်ကရွှေစာရံဘုရားပွဲကို ပေါင်းမိုးလှည်းများဖြင့် သွားလာသည့်ဓလေ့ရှိပြီး လမ်းရှိကျေးရွာများမှ ဘုရားပွဲလာ ပေါင်းမိုးလှည်းများကို စတုဒီသာကုသိုလ်ပြု လုပ်လေ့ရှိသည်။ ထုံးဘိုလမ်းခွဲကားလမ်းမပေါ်ပေါက်လာပြီး နောက်ပိုင်းတွင် ရွှေစာရံဘုရားပွဲသို့ အနီးအနားကျေးရွာများမှ ပေါင်းမိုးလှည်းများဖြင့် သွားလာခြင်းမရှိတော့ဘဲ ဆိုင်ကယ်၊ သုံးဘီးဆိုင်ကယ်၊ ကားများဖြင့်သာ သွားလာသည့်အတွက်ပေါင်းမိုးလှည်းနှင့်သွားသည့် ဓလေ့ ပျောက်ကွယ်သွားသော်လည်း ဘုရားပွဲတွင် လှည့်လည်ဖျော်ဖြေသည့် မျောက်မင်းသမီးလေးများကတော့ ရှိနေမြဲပင် ဖြစ်သည်။

ရွှေစာရံဘုရားပွဲအတွင်းတွင် ဈေးသည် ဈေးဝယ်များဖြင့် လူစည်ကားလျက် ရှိသည်။ ရွှေစာရံ ဘုရားပွဲသည် သမိုင်းဝင်ဘုရားပွဲဖြစ်သကဲ့သို့ ဂန္ထဝင်မြောက် လူသိများသည့် ဘုရားပွဲလည်းဖြစ်သည်။ဘုရားပွဲတွင် ထန်းရွက်ပုတီး ထန်းရွက်ငါး၊ ဗူးခါးသီးရေဘူး၊ တောင်သူသုံး ပစ္စည်းများ ထန်းဖူးဦးထုပ်များကို အမှတ်တရအဖြစ် ရောင်းချလေ့ရှိသည်။ ရွှေစာရံဘုရားပွဲလာသူများမှာ အဝတ်အစားအပိုယူလာပြီး ဒုဌဝတီမြစ်အတွင်းရေချိုးခြင်းများ ပြုလုပ်ကြသည်။ ရွှေစာရံဘုရားမှ စက်လှေများဖြင့်နဂါးရုံ ဘုရားသို့လည်း သွားရောက်ဖူးမြော်ကြသည်။ အချို့မှာငှက်လှေများဖြင့် သွားရောက်ကြသည်။

ရွှေစာရံဘုရားပွဲ ပြီးခါနီးရက်နီးလာသည်နှင့်အတူ တောင်ပေါ်ဒေသမှ ဘုရားဖူးများလည်း ဆင်းလာပြီဖြစ်သည်။ မန္တလေးမြို့နှင့် အနီးတစ်ဝိုက်ရှိ တောင်သူများမှာလည်း တောင်သူသုံး ပစ္စည်းများနှီးများကို လာရောက်ဝယ်ယူကြရာ စည်ကားလျက်ရှိသည်။

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီး မြို့နယ် သမိုင်းဝင်ရွှေစာရံဘုရားပွဲကို နှစ်စဉ်တပေါင်းလစတင်၍ တပေါင်းလပြည့်ကျော် ၉ ရက်အထိ ကျင်းပခဲ့သည်။ ရွှေစာရံဘုရားပွဲကို မန္တလေးမြို့သူ၊ မြို့သားများ အနီးနားရှိ ကျေးရွာများ၊ သီပေါ၊ နောင်ချို၊ ပြင်ဦးလွင် စသည့် တောင်ပေါ်ဒေသမှ ရှမ်း၊ ပအို့ဝ်၊ ပလောင်၊ဓနုတိုင်းရင်းသားများပါ လာရောက် ဆင်နွှဲသည့်ပွဲဖြစ်ပြီး ဘုရားပွဲမှာ အလွန်စည်ကားကြောင်း သိရသည်။

တိမ်တမန်

The Mirror Daily
https://www.facebook.com/TheMirrorDaily
ရွှေစာရံ ဘုရားပွဲသို့ ပေါင်းမိုးလှည်းဖြင့် လာသည့်ဓလေ့ ပျောက်ကွယ်သွားသော်လည်း မျောက်မင်းသမီးကပြမှု ယနေ့တိုင်ရှိနေ  ရွှေစာရံ ဘုရားပွဲသို့ ပေါင်းမိုးလှည်းဖြင့် လာသည့်ဓလေ့ ပျောက်ကွယ်သွားသော်လည်း မျောက်မင်းသမီးကပြမှု ယနေ့တိုင်ရှိနေ Reviewed by THITHTOOLWIN on 08:39 Rating: 5
Powered by Blogger.