တော်လို့ လှန်လို့ မပြီးသေးပါ


|| စိုပြေ ||

သီဟတင်စိုး လန့်သွားသည်။
ကျောင်းသားတွေက “တော်လှန်ရေးမပြီး သေး။ သပိတ်ဆက်မှောက်ဦးမတဲ့”။
ဒီလို သတင်းကို သီဟတင်စိုးမှ မလန့် ဘယ်သူလန့်မတုန်း။ အဲ... နေထက်လင်းတို့၊ နေမျိုးအောင်တို့လည်း လန့်ချင်လန့်မှာပေါ့။
အဲ့တော့ သီဟတင်စိုးလည်း ၀မ်းတွင်းပုဆိုးကို ခပ်တင်းတင်းဝတ်။ လွယ်အိတ်ထဲကို ခြောက်လုံးပြူလေး ထည့်ကာ နေထက်လင်းတို့ဆီသို့ ထွက်ခဲ့တော့သည်။

တမြန်နှစ်က အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ဖို့ ကျောင်းသားခေါင်းဆောင်များနှင့် အစိုးရတို့ ညှိုနှိုင်းခဲ့ကြသည်။
သို့သော်လည်း မပြေလည်။ နောက်ဆုံး ဒိုင်စားသွားသည်။
ဆန္ဒပြကျောင်းသားတွေနဲ့ ၀န်းရံသူတွေ လက်ပတန်းမှာ အဖမ်းခံလိုက်ရပြီး ထောင်ထဲရောက်သွားကြ၏။
အခု အစိုးရသစ် လက်ထက်တွင်တော့ ဖမ်းဆီးထားသော ကျောင်းသားများကို လွှတ်ပေးလိုက်ပါသည်။

ကျောင်းသားတွေကို လွှတ်ပေးတော့ လူအများလည်းပျော်ကြ၏။
အစိုးရသစ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ကျေးဇူးတွေ တင်ကြသည်။
ဒါပေမဲ့ အပျော်တွေ ကြာရှည်မခံ။ တစ်ရက်အတွင်းပင် ပြောင်းလဲသွားသည်။
ကျောင်းသားတွေက သပိတ်မလှန်သေးတဲ့။ သပိတ်မလှန်သော်ငြား အရင်လို လမ်းပေါ်ထွက် ဆန္ဒပြခြင်းကိုတော့ မလုပ်ဟု ဆိုပြန်သည်။

ပြီးတော့ သပိတ်တစ်လုံးကို မှောက်လျှက်သားဖြင့် ချီတက်ကြပြန်သည်။ ထို့ပြင် ကျောင်းသားများ လွတ်မြောက်ရေးအတွက်လုပ်ပေးသည့် ဒေါ်စုကိုလည်း ကျေးဇူးတင်စရာမလိုဟု ပြောလိုက်သေးသည်။
အဲ့လို ကျေးဇူးတင်ကြေးဆို ဒေါ်စုကို လွှတ်ပေးတဲ့ ဦးသိန်းစိန်ကိုလည်း ကျေးဇူးပြန်တင်ရမယ်ဆိုပဲ။
အဲ့တော့ အစတုန်းက အရင်အစိုးရကို တော်လှန် ဆန္ဒပြသဖြင့် အားပေးခဲ့ကြသော ပြည်သူများလည်း စိတ်ပျက်သွားသလားတော့ မပြောတတ်။
ထောင်က လွတ်လာသော ကျောင်းသားတွေကို ဆဲကြလေတော့သည်။
အစတုန်းက ထောက်ခံခဲ့ကြသူတွေက
“ဒီကောင်တွေကို တသက်လုံး ထောင်ထဲ ထည့်ထားရမှာ”
“ကျေးဇူးနားမလည်တဲ့ကောင်းတွေ အရင်အစိုးရနဲ့ပဲ တန်တယ်”
“သပိတ်မလှန်ရင် ဖင်လှန်ကွာ”
ဘာညာဖြင့် ပြောကြလေတော့သည်။

အဲ့လို ဒေါင်းအချင်းချင်း ခွပ်ကြတော့ အရင်အစိုးရ ဘက်တော်သားတွေ ပျော်ကြလေသည်။ သူတို့ကလည်း ဒီအကွက်ကို ချောင်းနေတာကိုး။
“ငါတို့ ပြောသားပဲ။ ကျောင်းသားတွေက တကယ့်မီးပဲလို့”
“ကဲ... အခုတော့ ဘာတက်နိုင်သေးတုန်း။ ကိုယ်မွေးတဲ့မျောက်ကိုယ့်ပြန်ချောက်ပြီမဟုတ်လား” စသည်ဖြင့် ဆိုကြသည်။

ပြည်တွင်း၌ အဲ့လိုမျိုး အခြေအတင် အငြင်းပွားနေချိန်တွင်တော့ သီဟတင်စိုးတစ်ယောက် ပဲခူးရိုးမတွင်းသို့ ကုန်းတတန် ရေတတန်ဖြင့် ခရီးပြင်းနှင့်နေသည်။
ဒီလိုနှင့် ပဲခူးရိုးမ တောင်ဂတုံးတစ်ခုပေါ်တွင် နေထက်လင်းကို တွေ့လေတော့၏။

“ဟေ့... ညေး....မင်းကို ရှာလိုက်ရတာကွာ....” ဟု သီဟတင်စိုးက ရောက်ရောက်ခြင်း ဆိုလိုက်သည်။
“ဟင်... ဘာကိစ္စတုန်းဗျ။ တော်လှန်ရေးကား ရိုက်ဖို့လား...”
“ဟုတ်ဘူးကွ....။ ကျောင်းသားတွေက သပိတ်ဆက်မှောက်ဦးမယ်တဲ့။ သဘောကတော့ တော်လှန်ရေးမပြီးသေးဘူးဆိုတဲ့ သဘောပေါ့ကွာ”
“ဘယ်က ကျောင်းသားတွေတုန်းဗျ”
“ဟာ...။ အရင်နှစ်က အဖမ်းခံလိုက်ရတဲ့ ကျောင်းသားတွေလေကွာ...။ အခုထောင်က လွတ်လာပြီ”
“အော်....။ သူတို့လား။ သိတယ်။ သိတယ်။ ဆက်ပြော”
“အေးကွာ....။ သူတို့က တော်လှန်ရေးမပြီးသေးဘူးဆိုတော့ လန့်သွားတာပဲ.....။ ငါတို့ နေရာကိုများ ယူတော့မလား မသိဘူး။ အဲ့ဒါ မင်းကို လာပြောပြတာ”
“ဟာ...။ ကွီးကလည်း...။ အဲ့ဒါ လန့်စရာ မဟုတ်ပါဘူးဗျ...”
“လန့်စရာပေါ့ကွာ....။ သူတို့သာ ဆက်တော်လှန်နေရင်လူတွေက ငါတို့ကို ကြည့်တော့မှာ မဟုတ်ဘူး။ သူတို့ကိုပဲ ကြည့်တော့မှာပေါ့”
“အဲ့ဒါလည်း မပူပါနဲ့ဗျာ...။ သူတို့ တော်လှန်တာ ကျုပ်တို့လို သေနတ်ပစ်ခန်းတွေ ပါတာမှ မဟုတ်တာ”

ထိုအချိန်တွင် နေမျိုးအောင်က ထင်းခြောက်များ ကောက်ပြီး စခန်းသို့ ပြန်ရောက်လာသည်။
“ငိုးမ ခရိုနီတွေ...။ သူတို့ သစ်တွေ ခုတ်တာနဲ့ ငါတို့မှာ ထမင်းချက်စရာ ထင်းတောင် မရှိတော့ဘူး” ဟု ရေရွတ်ရင်း သီဟတင်စိုးကို မြင်သွားသည်။
“ဟာ...ကြီး....။ အဲ... ကိုကြီးလဲရောက်နေသကိုး”
“အေးကွ...။ ကျောင်းသားတွေရဲ့ တော်လှန်ရေးကြီး မရပ်သေးဘူးဆိုတဲ့ အကြောင်းလာပြောတာ”
“ဟာ... ဟုတ်လား...။ ပျော်စရာကြီးပေါ့ဗျာ”
“မင်းတို့သာ ပျော်နေ... ငါတော့ လန့်နေတာ။ ငါတို့ နေရာများ လုတော့မလားလို့”

အဲ့တော့ နေထက်လင်းလည်း ၀င်ပြောသည်။
“မဟုတ်သေးဘူး ကိုကြီးရ....။ သူတို့ တော်လှန်ရေးဆက်လုပ်တာလဲ ကောင်းတယ်ဗျ”
“ဘာဖြစ်လို့တုန်း”
“ဒီလိုလေဗျာ....။ ကျုပ်တို့ တော်လှန်ရေးကားတွေက ဂျပန်ကို တော်လှန်တာ”
“ဂျပန်တွေကိုချည်းပဲ မဟုတ်ပါဘူးကွာ...။ အင်္ဂလိပ်ကိုလည်း တော်လှန်ပါတယ်..........ထားပါ ဆက်ပြော...”

“အဲ့လို ဂျပန်တွေကို တော်လှန်တာက ကျနော်ဗီဒီယိုစရိုက်ကတည်းကပဲ....။ အဲ့တော့ လူတွေလည်း ရိုးလာပြီလေ။
နောက်ပြီး အခုက ဂျပန်တွေနဲ့ မြန်မာပြည်က အလွမ်းပြန်သင့်နေတာဗျ။ သူတို့ကို တော်လှန်တဲ့ ကားရိုက်တာကို သိပ်မကြိုက်ကြဘူးတဲ့။ အစိုးရပိုင်းကလည်း သိပ်အားမပေးတော့ဘူး။
နောက်ပြီး ကျနော်တို့ကို ဂျပန်ပြည်က ဗီဇာတွေ ဘာတွေပိတ်မယ်လို့တောင် သတင်းထွက်နေတယ်”
“မင်းပြောလည်း ဟုတ်တော့ ဟုတ်သား...။ အဲ့တော့ ဘာဖြစ်တုန်း”

“ဘာဖြစ်ရမတုန်းဗျ။ အဲ့တော့ ကျနော်တို့တွေ ဂျပန်ကို တော်လှန်တဲ့ ကားတွေကို ရပ်မယ်။ ပြီးရင် စစ်အစိုးရကို တော်လှန်တဲ့ ကားတွေ ရိုက်မယ်လေ”
“မင်းကလဲ ဖြစ်ပါ့မလားကွာ... အားနာစရာကြီး.... ငါ့ကို အကယ်ဒမီတွေပေးထားတာဟ...။ မင်းက အကယ်ဒမီမရဖူးတော့ ကိစ္စမရှိဘူး”
“ဖြစ်ပါတယ်ဗျာ...။ အခု ခေတ်ပြောင်းသွားပြီပဲ....။ လက်ရှိ အစိုးရကို မတော်လှန်ရင် ပြီးရောပေါ့”
“အေးကွ...။ ဟုတ်တော့ဟုတ်တယ်။ လက်ရှိအစိုးရကို တော်လှန်ရင်တော့ ၀ိုင်းဆဲကြမှာ....။ ဒါနဲ့...ဘယ်လိုလုပ်မတုန်း”

“လွယ်လွယ်လေးပါဗျာ။ ကျောင်းသားတွေ ဆီကိုသွား။ ပြီးရင် သူတို့ တော်လှန်တဲ့အကြောင်းကို ရုပ်ရှင်ရိုက်ချင်ပါတယ်ဆိုပြီး သူတို့ ဇာတ်လမ်းကို ၀ယ်လိုက်ပေါ့”
“ဟာ....။ မင်းကလည်း ငါတို့ အရွယ်ကြီးတွေကဖြင့်၊ ကျောင်းသား တော်လှန်ရေးကား ရိုက်လို့ ဖြစ်ပါ့မလား”
“ဖြစ်ပါတယ်ကိုကြီးရာ....။ အခု ကျောင်းသားဆိုသူတွေကလည်း ကျုပ်တို့နဲ့ နင်လားငါလားပါပဲ”

စိုပြေ

The Ladies News
https://www.facebook.com/News.TheLadies
တော်လို့ လှန်လို့ မပြီးသေးပါ  တော်လို့ လှန်လို့ မပြီးသေးပါ Reviewed by THITHTOOLWIN on 19:58 Rating: 5
Powered by Blogger.